၇ ရက်ဇူလိုင် သို့မဟုတ် စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်ကို မွေးဖွားခြင်း

မြန်မာပြည် ဒီမိုကရေစီအရေးတော်ပုံသမိုင်းမှာ စစ်အာဏာရှင်စနစ်ကို ကျောင်းသားတွေ စတင်တော်လှန်တဲ့နေ့ဟာ ၁၉၆၂ ခုနှစ်ဖြစ်ပြီး နောက်ပိုင်းဆက်တိုက် ပေါ်ပေါက်လာတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ပြည်သူ့အရေးတော်ပုံတွေကို မွေးဖွားပေးခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်က စစ်အာဏာရှင်စနစ်ကို တပြည်လုံး အုံကြွဆန့်ကျင်ခဲ့တဲ့ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ တ၀ိုက်ကို နောက်ကြောင်းပြန်ရင်လည်း ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ တို့မှာ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်းလို့ သိကြတဲ့ ကျောင်းသား လှုပ်ရှားမှုတွေကို  ဆက်တိုက် တွေ့ရမှာ ဖြစ်ပါတယ်။ အားလုံးဟာ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးအခင်းရဲ့ အဆက်တွေပါပဲ။ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူရဲ့) ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာ့ကပေါဟာ ၇ ရက် ဇူလိုင် အရေးအခင်းကာလမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတယောက် ဖြစ်ပါ တယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကို အစိုးရစစ်တပ်က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးလိုက်ပုံကို ဒေးဗစ်သာ့ကပေါက ခုလိုပြောပြပါတယ်။ “အသံက မြေကြီးတုန်သွားတာပေါ့ဗျာ။ မန္တလေးဆောင်ကို ကျနော်ရောက်သွားတော့ ပြတင်းပေါက်တွေ မှန်တွေကွဲတာပေါ့၊ တချို့ဆို လေရိုက်တဲ့ဟာက တခါးတွေပဲ့ကျတာ တွေ့ရတယ်။ တကသ အဆောက်အဦကြီးကတော့ ပြားသွားတာပေါ့၊ တဘက်က အားကစားရုံ အမိုးတွေလည်း ကျိုးတိုးကျဲတဲတွေ ဖြစ်ကုန်တယ်၊ လေဟပ်တဲ့ အရှိန်နဲ့ကိုပဲ အဲသလို ပြင်းထန်တယ်။” ၁၉၆၂ ခုနှစ် မတ်လမှာ ဗိုလ်ချုပ်နေ၀င်းက ၀န်ကြီးချုပ်ဦးနုကို အာဏာသိမ်းပြီး တက်လာတဲ့ အချိန်မှာ ကျောင်းသားသမဂ္ဂက စစ်တပ်အာဏာသိမ်းတာကို ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့တာရှိခဲ့ပေမယ့် ၇ ရက်ဇူလိုင် အရေးအခင်း ဖြစ်ခဲ့တာကြောင့် ကျောင်းသားတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ပိုပြီး သေချာစေခဲ့တယ်လို့ ကျောင်းသားဟောင်းတွေက ဆိုကြပါတယ်။ ၇ ရက် ဇူလိုင်မျိုးဆက် ကျောင်းသားဟောင်း စောသမိန်ထွန်းက “ကျောင်းသားတွေကို ပစ်သတ်တော့ ဘာမဟုတ်တဲ့ကိစ္စကို ပစ်သတ်ရလား ဆိုပြီးတော့ တပ်မတော်အပေါ်လည်း တော်တော်လေး ရွံ့သွားတယ်ဗျ။ နည်းနည်း မဟုတ်ဘူး။ တော်တော်ကို ရွံ့တာ” လို့ ပြောပါတယ်။ “အဲဒီကစပြီး နိုင်ငံရေးထဲ ပါဝင်လာတာကို။ ကျနော်တို့က တောခိုဖို့၊ တော်လှန်ရေး လုပ်ဖို့တို့ဆိုတာ အရင်က စိတ်ကူးခဲ့တာမှ မဟုတ်တာ။ အဲဒီ 7 july က တွန်းပို့လိုက်လို့ ကျနော်လည်း နိုင်ငံရေးသမား ဖြစ်သွားတာကို။ 7 july က စပြီး ကျောင်းသားနဲ့ စစ်အစိုးရက လုံးဝကို သဟဇာတ မဖြစ်တော့ဘူးလေ။ ကျောင်းသားလောကမှာ အောက်မေ့တာက အခွင့်အရေး ရရင် ရသလို အဲဒီ စစ်အစိုးရကို တော်လှန်မယ်ဆိုတာ ဖြစ်ပေါ်လာတာဗျ။” ၁၉၆၂ ခုနှစ် ဇွန်လ ကျောင်းပြန်ဖွင့်ချိန်မှာ အာဏာသိမ်းစစ်ကောင်စီက အဆောင် စည်းကမ်းတွေထုတ်ပြီး၊ ကျောင်းသားတွေကို ကန့်သတ်တာကို မကျေနပ်လို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ကန့်ကွက်ဖို့ ကျောင်းသားတွေ  စီစဉ်နေတုန်းမှာ  ဗိုလ်ချုပ်နေ၀င်းရဲ့ တပ်တွေက ကျောင်းသားတွေကို ကွန်မြူနစ်တွေလို့ စွပ်စွဲပြီး အကြမ်းဖက် ဖြိုခွင်းခဲ့တာပါ။ ဇူလိုင်လ ၇ ရက်နေ့မှာ တက္ကသိုလ် ပရ၀ုဏ်ထဲမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ၆၂ မျိုးဆက်ကျောင်းသားဟောင်း  ဦးအုန်းကျော်က အခုလို ပြန်ပြောပြပါတယ်။ “ကျနော်တို့ အေးအေးချမ်းချမ်းပါပဲ ကျောင်း ပရ၀ုဏ်ထဲမှာ ကန့်ကွက်တယ် ဆိုတဲ့သဘောနဲ့ လှည့်တဲ့သဘောပေါ့။ ၁၂ နာရီ တချက် ကျတော့ လူတွေလည်း မောပြီး အိမ်ပြန်တဲ့သူတွေက ပြန်ပေါ့။ ဗကသ အီးစီ တချို့ကလည်း လက်ဘက်ရည်ဆိုင်မှာ ကျန်ခဲ့တယ်ပေါ့။ သုံးနာရီလေးနာရီလောက်ကျတော့ ကျောင်းသားတွေ ရုတ်ရုတ်ဖြစ်တာကို မြင်လိုက်ရတယ်။ ကြည့်လိုက်တော့ ကျောင်းဝင်းထဲမှာ ၀င်ပြီးတော့ ရဲက ဗကသ အီးစီတွေကို ဖမ်းတော့ ကျောင်းသားနဲ့ ရဲနဲ့ အပြန်အလှန် ခဲနဲ့ပေါက်တာတို့၊ ရဲကလည်း မျက်ရည်ယိုဗုံးနဲ့ ပစ်တာတို့၊ ကျောင်းသားတွေကလည်း အဲဒီ မျက်ရည်ယိုဗုံးကို ပြန်ကောက်ပြီး ပစ်တာတို့ပေါ့။ ရဲတွေလည်း ထွက်သွားတဲ့အချိန် အဓိပတိလမ်းက မိန်းဂိတ်ကြီးကို ကျောင်းသားတွေက ပိတ်ပစ်လိုက်တယ်။ “ပိတ်လိုက်တဲ့အခါမှာ အရင်က စာတိုက်နားမှာ အ၀ိုင်းကြီး ရှိတယ်။ အဲဒီမှာ ရဲတွေလည်း ထိုင်ကြတယ်။ စစ်တပ်လည်း ရှိတယ်။ အဲဒီလိုနဲ့ ကျောင်းသားရေးရာ တာဝန်ရှိသူတွေနဲ့ အေးအေးဆေးဆေး တရားဟောတယ်။ စစ်တပ်နဲ့ ကျောင်းသားတွေဟာ ညီအစ်ကိုအရင်းတွေပါ။ ကျနော်တို့ အေးအေးဆေးဆေး ဆန္ဒပြနေတာပါပေါ့ ဒီလို စည်းရုံးရေးသဘောနဲ့ ဟောပြောတယ်ပေါ့။ “ညနေ ငါးနာရီခွဲ ခြောက်နာရီလောက်ကျတော့ သေနတ်သံတွေ ကြားရတာပေါ့။ အပေါ်တက်ပြီး တရားဟောနေတဲ့သူတွေလည်း အောက်ကို ခုန်ချရတာပေါ့။ ပစ်တာကလည်း တောက်လျှောက်၊ မန္တလေးတို့၊ အမရတို့ (အဆောင်တွေဘက်ကို) အစက လှမ်းပစ်တယ်။ အဓိပတိလမ်းမကြီးကိုကျတော့ တပ်ကနေ စခန်းသိမ်းပြီး ၀င်လာတာမျိုးရှိတယ်။ အဲလို ၀င်လာတဲ့အခါမှာ နည်းနည်း မိုးလည်း ချုပ်သွားပြီ။ တချို့ ကျောင်းသားတွေကလည်း ဟိုပြေးဒီပြေးပေါ့။ တချို့ကလည်း ဗကသထဲ ၀င်ပေါ့ဗျာ။ အဲလို ဖြစ်တဲ့အချိန်မှာ မီးဖြတ်တယ် ရေဖြတ်တယ်ပေါ့ဗျာ။ မှောင်မှောင်မဲမဲ ထဲမှာ ကျောင်းသားတွေ အထိန့်တလန့်နဲ့ နေကြတာပေါ့။ သူတို့ကလည်း ၀ိုင်းထားတာပေါ့။ မနက် မိုးလင်းခါနီး ငါးနာရီ ခြောက်နာရီလောက်မှာ ၀ုန်းကနဲဆို အသံကြားရတယ်။ အဲဒီအချိန်မှာ  ဗကသ ဘက်ကနေ မီးခိုးလုံးကြီးတက်လာတော့ ဗကသကို မိုင်းဗုံးနဲ့ ခွဲလိုက်တဲ့ သဘောပေါ့။” ဒီအဖြစ်အပျက်တွေဟာ နှစ်တွေကြာလို့ ဗိုလ်ချုပ်နေ၀င်းကနေ ဦးနေ၀င်း၊ တော်လှန်ရေးကောင်စီကနေ၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဖြစ်လာတဲ့အထိ ဘယ်သူမှ မမေ့ခဲ့ကြပါဘူး။ ၈၈ မျိုးဆက်ကျောင်းသား တယောက်ဖြစ်တဲ့ ကိုတင်အေးက အခုလို ပြောပါတယ်။ “၈၈ မတိုင်ခင် ဒီကျောင်းထဲမှာ လမ်းကြောင်းလွှဲပေးထားတာတွေ ရှိတယ်ဗျ။ ဥပမာ ဆေးသမားဖြစ်သွားဖို့ လမ်းတွေရှိတယ်။ အပျော်အပါးလိုင်းကို လိုက်မယ့် လမ်းကြောင်းတွေ ရှိတယ်။ အရင်တုန်းက ကျောင်းသားသမဂ္ဂ လှုပ်ရှားမှု အရိပ်အငွေ့တွေက ပျောက်နေပြီ။ အဲဒီအချိန်မှာ ဘာက ကျနော်တို့ ရင်ကို လာထိသလဲဆိုတော့ 7 july အရေးအခင်းပေါ့။ 7 july လှုပ်ရှားမှုက နှစ်တိုင်း ကျောင်းထဲမှာ လှုပ်လှုပ်ရှိတယ်။ “ကျနော်တို့ မှတ်မိတာ ရှိသေးတယ်။ ဒီနိုင်ငံရေးနယ်ပယ်ထဲ မရောက်ခင်ပေါ့။ 7 july မတိုင်ခင် တလမှာ ကျောင်းထဲမှာ အရူးအသစ်တွေ ရောက်လာတယ်။ မုန့်သည်အသစ်တွေ ရောက်လာတယ်။ အဲဒါတွေက ထောက်လှမ်းရေးတွေပဲ။ အဲဒီကစပြီးတော့ ကျနော်တို့ သတိထားမိလာတယ်။ 7 july နီးလာလေ ပိုပြီးတော့ အစောင့်အကြပ်တွေ များသလို ဖြစ်လာလေ။ အသံတွေ ပိုထွက်လာလေ။ ကျနော်တို့ကို ကျောင်းသားလှုပ်ရှားမှုနဲ့ ပတ်သက်ဖို့ အမြဲတမ်းလှုပ်နှိုးနေတဲ့ အဖြစ်အပျက် ဖြစ်နေတယ်။” ဒီလှုပ်နှိုးမှု အာဏာရှင်ဆန်ကျင်ရေးစိတ်ဓာတ်ကပဲ ၁၉၈၈ ခုနှစ်မှာ ကျောင်းသားတွေ ခေါင်းဆောင်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးကို မွေးဖွားပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအရေးအခင်းမှာ ဦးနေ၀င်းကို ဖြုတ်ချနိုင်ခဲ့ပေမယ့် ဦးနေ၀င်း မျိုးစေ့ချပေးခဲ့တဲ့ စစ်အာဏာရှင်စနစ်ကတော့ ပုံစံအမျိုးမျိုး၊ အမည်အမျိုးမျိုးနဲ့ ဆက်ရှိနေခဲ့ပါတယ်။ တဘက်မှာလည်း စစ်အာဏာရှင်စနစ်မှန်သမျှကို ဆန့်ကျင်တဲ့ ကျောင်းသား စိတ်ဓာတ်ကလည်း မျိုးဆက် တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလိုပြောဖူးပါတယ်။ “၁၉၆၂၊ ၇ ရက် ဇူလိုင် ကျောင်းသားလှုပ်ရှားမှုနဲ့ သွေးမြေကျခဲ့တရတဲ့ မှတ်တမ်းဟာ ကျနော်တို့ မမွေးခင်ကတည်းက ဖြစ်လာတာပါ။ ကျနော်တို့ လူမှန်းသိလာတတ်စ အရွယ်မှာ ဇူလိုင် ၇ ရက် ၀န်းကျင်ရောက်လာတိုင်း ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေရဲ့ တောက်ခေါက်သံကို ကျနော်တို့ ကြားနေရတယ်။ အဲဒီမှာ ကိုယ်တိုင် ပေးဆပ်လိုက်ရတဲ့ မိသားစုတွေရဲ့ ငိုရှိုက်သံတွေကို ကျနော်တို့ ကြားနေရတာပဲ။ ကျနော်တို့ ကြီးပြင်းပြီး သိတတ်လာတဲ့ အရွယ်မှာတော့ အဲဒီအချိန်က အစိုးရက ဒါကို တတ်နိုင်သမျှဖုံးဖိပြီး ဖျောက်ဖျက်ဖို့ ကြိုးစားတာပါပဲ။ ဒါပေမယ့် သမိုင်းဖြစ်ရပ်မှန်တွေက ဖျောက်ဖျက်လို့မရပါဘူး။ ပြည်သူလူထုကြားထဲကို ဖြစ်ရပ်မှန်ကို ပြောပြတဲ့ လက်ဆင့်ကမ်းတဲ့နည်းနဲ့ ရောက်လာတယ်။ အဲဒီအချိန်မှာ ငယ်နုသေးပေမယ့် ကျနော်တို့ရဲ့ နှလုံးသားထဲမှာ ဒဏ်ရာတွေ ရခဲ့တယ်။ ငါတို့ ကျောင်းသားတွေကို ဒီလို ရက်ရက်စက်စက် ဖြိုးခွင်းခံလိုက်ရပါလားလို့ ခံစားလိုက်ရတယ်။” ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုရဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုသွင်လင်းအောင်က ၇ ရက် ဇူလိုင်က အဖြစ်အပျက်ကနေ ခုချိန်ထိ သင်ခန်းစာ ယူစရာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ “စစ်အာဏာရှင် သရုပ်တွေ ဆက်ရှိနေတယ် အဲဒါကို ဆက်တွန်းလှန်ရဦးမယ်။ အဲဒါတွေကို ကျနော်တို့က နောက်မျိုးဆက်တွေကို ယုံကြည်လာအောင် ရှင်းပြဖို့ ကျနော်တို့က တာဝန်ရှိပါတယ်။ အဲဒီလို ရှင်းပြမယ်ဆိုရင် ဒီစစ်အာဏာရှင် ကနေပြီးတော့ ပြည်သူလူထုအပေါ်မှာ အထူးသဖြင့် ကျောင်းသားတွေအပေါ်မှာ အရက်စက်ဆုံး လုပ်ရပ်က 7 july မှာ ရှိနေတာကို။ အဲဒီတော့ ဒီ 7 july ကို ပြန်ဖော်ထုတ်ပြီးတော့ အဲဒီလုပ်ရပ်က ရှိခဲ့တယ်၊ အဲလူတွေက စစ်အာဏာရှင်တွေ ဖြစ်တယ်၊ တို့အပေါ်မှာ ဘယ်လောက်ပဲ စကားချိုချိုတွေသုံးပြီးတော့ အကြိုက်တွေ လျှောက်ပြောနေပေမယ့် တကယ့်သရုပ်ကတော့ အဲလိုပဲ ရှိတယ်ဆိုတာကို ကျနော်တို့က ပြရမှာကို။ “7 july အပါအ၀င် နောက်ထပ် ဆက်တိုက်ဖြစ်လာတဲ့ ဖိနှိပ်မှုတွေကိုပါ မျိုးဆက်သစ်တွေကို ရှင်းပြရမှာ ဖြစ်တယ် ဒါတွေက ကျနော်တို့က သင်ခန်းစာတွေ ဖြစ်သလို ကျနော်တို့ကို ဖိနှိပ်တဲ့သူတွေကို လျှော့မတွက်ဖို့အတွက် တကယ်ကို သတိကြီးကြီးထားပြီး ဘယ်လိုတိုက်ဖျက်ရမယ်ဆိုတာကို ကျနော်တို့က သင်ခန်းစာယူစရာတွေ အဖြစ်ထားပြီးတော့ သုံးနေရလိမ့်မယ်လို့ ကျနော်က ယူဆပါတယ်။” စစ်အာဏာရှင်စနစ်ကို မျိုးစေ့ချခဲ့သူ၊  ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေ၀င်းဟာ ၁၉၆၂ ခုနှစ်၊ ၇ ရက် ဇူလိုင် အရေးအခင်းကစလို့ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ကျောင်းသား လှုပ်ရှားမှုတွေ ပြည်သူ့အရေးတော်ပုံတွေကို နှိမ်နှင်းဖြိုခွဲခဲ့သလိုပဲ ဦးနေ၀င်းရဲ့ စစ်အာဏာရှင် မျိုးဆက်တွေကလည်း  ၁၉၈၈ နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွေ၊ ပြည်သူ့ဒီမိုကရေစီ အရေးလှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းခဲ့တာ နောက်ထပ်ကမ္ဘာကျော်တဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်လှုပ်ရှားမှု အထိပါပဲ။ တဖက်မှာလည်း ကျောင်းသားတွေ ရှိနေသမျှ၊ ကျောင်းသားစိတ်ဓာတ် ရှင်သန်နေ သမျှ၊ တပါတီအာဏာရှင်ဖြစ်ဖြစ်၊ စစ်အာဏာရှင်ဖြစ်ဖြစ်၊ ပါလီမန်အာဏာရှင်မှန်သမျှ၊ အာဏာရှင်မှန်သမျှကို ပြည်သူတွေနဲ့ လက်တွဲပြီး ဆန့်ကျင်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up