နမ္မတူမြို့နယ်တွင် မိုင်းပေါက်ကွဲ၊ ရွာသားတစ်ဦးသေဆုံး ၇ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
July 6, 2016
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ ဒီကနေ့မနက်က မိုင်းပေါက်ကွဲ မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
နမ္မတူမြို့နယ် နားကိုင်း၊ ပိန်းလုံ၊ နမ့်ပိုင် စတဲ့ ရွာသား ၁၇ ဦးဟာ အာရ်စီအက်အက်စ် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ စစ်ကြောင်းအတွက် ပစ္စည်းတွေသယ်ပို့ပေးရင်း ပိန်းထောင်ကျေးရွာအုပ်စု ရထားလမ်းနားမှာ မိုင်းထိမိခဲ့တာလို့ ဒေသခံ စိုင်းမောက်စံက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့က အာရ်စီအက်အက်စ်စစ်ကြောင်းအတွက် ပစ္စည်းတွေထမ်းကူပေးရင်း မနက် ၈ နာရီခွဲလောက်က ပိန်းထောင်ရွာ နဲ့ နားကွန်ရွာကြားမှာ မိုင်းထိခဲ့တာလို့ ပြောတယ်၊ အားလုံးသွားတာ ၁၇ ယောက်၊ အဲဒီနားမှာ ရထားလမ်းလည်းရှိတယ်၊ အဲဒီနားရောက်တော့ ပေါက်ကွဲတဲ့အသံကြားပြီး ၈ ယောက်ထိတယ်။ တယောက်က ပွဲချင်းပြီးသေသွားတယ်။ ကျန်တဲ့ ၇ယောက်မှာ ၃ ယောက်က ဒဏ်ရာပြင်းလို့ လားရှိုးဆေးရုံပို့ထားတယ်။ ၄ ယောက်က မံစံဆေးရုံမှာ။”
သေဆုံးသူ ၁ ဦးမှာ အသက် ၂၄ နှစ်ရွယ်ရှိ နမ့်ပိုင်ရွာသား စိုင်းကျော်သောင်း ဆိုသူဖြစ်ပြီး ကျန်တဲ့ဒဏ်ရာရသူ ၇ ဦးမှာတော့ အသက် ၁၅ နှစ်ရွယ်မှ အသက် ၅၅ နှစ်ကြား အမျိုးသား တွေဖြစ်တယ်လို့ ဆိုပါတယ်။
မိုင်းအမျိုးအစားနဲ့ ဘယ်အဖွဲ့က ထောင်ထားမှန်း မသိရပေမယ့် အဲဒီဒေသမှာ တီအန်အယ်လ်အေ တအာင်းတပ်ရော၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတပ်တွေပါ လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နမ္မတူမြို့နယ် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးကတော့ လက်နက်ကိုင်အဖွဲ့ ပဋိပက္ခတွေကြား ရွာသားတွေ ခံရတာလို့ ပြောသွားပါတယ်။
“ဖြစ်တဲ့အချိန်မှာ ကျမရန်ကုန်ရောက်နေတယ်၊ ရွာသားတွေက ကျမကို ဖုံးဆက်တိုင်တန်း လာပါ တယ်၊ တိုက်ပွဲတွေ မဖြစ်စေချင်ပါဘူး။ တိုက်ပွဲဖြစ်တိုင်း ရွာသားတွေဘဲထိခိုက်ရတယ်။ ဒါကြောင့် လက်နက်ကိုင်အဖွဲ့တွေအချင်းချင်း ပြေလည်အောင်ဆွေးနွေးကြစေချင်တယ်။ တိုင်းပြည် ငြိမ်းချမ်းဖို့ ဆွေးနွေးပြီး အဖြေရှာစေချင်တယ်။”
မိုင်းပေါက်ကွဲမှုဖြစ်တဲ့ နမ္မတူဘက်မှာ ခုရက်ပိုင်းအတွင်း တိုက်ပွဲမဖြစ်ပေမယ့်လည်း နမ္မတူ အထက်ဘက် မန်တုံမြို့နယ်ထဲမှာတော့ ဇူလိုင်လ ၄ ရက်မှ ၆ ရက်နေ့တွေအတွင်း အာရ်စီ အက်စ်အက်စ်နဲ့ တိုက်ပွဲပေါင်း ၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တီအန်အယ်လ်အေ တအာင်း တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။