လာအို-ထိုင်းနှစ်နိုင်ငံ အကျိုးတူကိစ္စဆွေးနွေး

လာအိုဝန်ကြီးချုပ် Thongloun Sisoulith နဲ့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ တို့ ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အစိုးရအိမ်တော်မှာ ဒီကနေ့တွေ့ဆုံပြီး နယ်စပ်ဖြတ်ကျော်ခရီးသွား လုပ်ငန်း၊ ဒေသတွင်းချိတ်ဆက်မှု၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အပါအ၀င် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေကို ဆွေးနွေးကြပါတယ်။
ခေါင်းဆောင် ၂ ယောက်က အလုပ်သမားအရည်အသွေးမြှင့်တင်ရေး၊ အလုပ်အကိုင်နဲ့ အလုပ်သမားအခွင့်အရေးတွေ တိုးတက်ကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်မှု နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပွဲကို သက်သေအဖြစ် တက်ရောက်ပါတယ်။
လာအိုဝန်ကြီးချုပ်ဟာ မနက်ဖြန် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း Khon Kaen ခရိုင်ကို သွားရောက်ပြီး ရာဂျန်မန်ဂလာ အိစန်နည်းပညာတက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို လက်ခံယူပြီး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလမှာ လာအိုဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ လာအိုဝန်ကြီးချုပ်အတွက် ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်လည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားစတဲ့ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သား တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ အိမ်ဖော်စတဲ့ အလုပ်လုပ်နေကြပါတယ်။
လွန်ခဲ့တဲ့ ဇွန်လနှောင်းပို်င်းတုန်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စနဲ့ နယ်စပ်တလျောက်က ဒုက္ခသည်တွေ နေရပ်ပြန်လည်အခြေချရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ထိုင်းအစိုးရအိမ်တော်မှာ ခေါင်းဆောင်နှစ်ဦးဆွေးနွေးရာမှာ နှစ်နိုင်ငံ ဒေသတွင်း ခရီးသွား မြှင့်တင်ရေး ပူးတွဲစီမံချက်တရပ်ကို အကောင်အထည်ဖော်ဆောင်ဖို့ ထိုင်းနိုင်ငံဘက် အဆိုပြု ခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ဒီအစီအစဉ်ဟာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်မယ့် ခရီးသည်တွေအတွက် ထိုင်းနိုင်ငံကို ခရီးသွားဗဟိုပြုဌာနသဖွယ် ရောက်ရှိစေဖို့ ထိုင်းခရီးသွား လုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက အကြံအစည်ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ မနှစ်က ခရီးသည် သန်း ၃၀ ၀င်ရောက်ခဲ့ပြီး ဒီနှစ် နောက်ထပ် ၄ သန်း တိုးမြှင့်လာစေဖို့ အစိုးရက ကြိုးပမ်းနေတာဖြစ်ပါတယ်။ လာအိုနိုင်ငံကတော့ မနှစ်က ခရီးသည် ၄ ဒသမ ၃ သန်းဝင်ရောက်ခဲ့ပါတယ်။