ယင်းမာပင်မြို့နယ်တွင် ပိုင်ရှင်မဲ့သစ်များ ဖမ်းဆီးရမိ
DVB
·
July 6, 2016
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှာ ပိုင်ရှင်မဲ့ တရားမဝင်သစ်တွေကို ဇူလိုင်လ ၅ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ သစ်တွေဟာ ပန်းတောက်သားတွေဖြစ်ပြီး တရက်တည်းမှာ တန်ချိန်ပေါင်း ၁၂ ဒသမ ၈၂၄၄ တန် ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမာပင် သစ်တောဦးစီးဌာနက ပြောပါတယ်။
အဆိုပါသစ်တွေကို ယင်းမာပင်မြို့နယ် ဆည်ကြီးကျေးရွာအုပ်စု ရွှေပေကုန်းကျေးရွာ အနောက်ဖက် (၁) ဖာလုံအကွာ ကျောက်မှော်ဘိနယ် အောင်ချမ်းသာရွာရဲ့ အနောက်မြောက် ဖက် ၁ မိုင်နဲ့ ၄ ဖာလုံအကွာ တောအုပ်အတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သိုဝှက်ထားတဲ့ တရားမဝင်သစ်တွေရှိတဲ့နေရာကို ယင်းမာပင်၊ မုံရွာ၊ ကနီမြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေက သတင်းအရ သွားရောက်ဖမ်းဆီး ရမိခဲ့တာလို့ ဆိုပါတယ်။
တရားမဝင်သစ်များကို ၆ ဘီးကားပေါ်မှာ တွေ့ရှိ ဖမ်းဆီးမိခဲ့ပေမယ့် တင်ဆောင်လာသူကိုတော့ မတွေ့ရှိရသေးဘူးလို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးရမှုနဲ့ ပတ်သက်ပြီး ယင်းမာပင်ရဲစခန်းမှ တရားမဝင် သစ်သယ်ဆောင်သူများကို ဆက်လက်စုံစမ်းဖော်နေတယ်လို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး