Home
သုံးသပျခကျြ
တပ်မတော်နှင့် မီဒီယာ ဆက်ဆံရေး - အယ်ဒီတာစကားဝိုင်း
DVB
·
July 6, 2016
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ တပ်မတော်နဲ့ မီဒီယာဆက်ဆံရေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က 7 Day မီဒီယာကို တပ်မတော်ကနေပြီးတော့ ပုဒ်မ ၁၃၁၊ အထူးသဖြင့်တော့ တပ်မတော်ကို ဖြိုခွဲတယ်ဆိုတဲ့ ခေါင်းစဉ်တပ်တဲ့ဟာနဲ့ တရားစွဲဆိုမှု ဖြစ်ခဲ့ပါတယ်။ အခုတော့လည်း နှစ်ဦးနှစ်ဘက် ပြန်တောင်းပန်လွှာ လုပ်ပြီးတဲ့အခါမှာ ကျေအေးမှုရှိခဲ့ပါတယ်။ အဲဒါကြောင့် လောလောဆယ် ဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာကတော့ အများပြည်သူ သတင်းရပိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့် ကာကွယ်ပိုင်ရေးနဲ့ တပ်မတော်နဲ့ သတင်းမီဒီယာတွေရဲ့ ဆက်ဆံရေးကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ 7 Day ဂျာနယ် အယ်ဒီတာ ကိုသီဟနဲ့ ဧရာဝတီသတင်းဌာန အယ်ဒီတာ ကိုကျော်စွာမိုးတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ကိုသီဟကို ပထမဆုံး မေးချင်ပါတယ်။ အခုဖြစ်ခဲ့တဲ့ကိစ္စမှာ နောက်ဆုံးအခြေအနေ ဘာရှိနေလဲ။ နောက် ဒီဟာနဲ့ပတ်သက်လို့ ကျနော်တို့ သိသလောက်ကတော့ အချက်အလက်ကတော့ မှားတာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီလိုမျိုး ခေါ်ပြီးတော့ တရားစွဲတယ်။ တရားစွဲပြီးတော့မှ တောင်းပန်လွှာနဲ့ လောလောဆယ်တော့ အဖြေတခုနဲ့တော့ ကျေအေးနေတယ်လို့တော့ ကြားတယ်။ အဲတော့ တကယ်တမ်းကျတော့ ဒီဟာရဲ့ အကျိုးသက်ရောက်မှု ဖြစ်လာတဲ့ပုံစံ အဲဒါလေးကို စပြီးတော့ ဆွေးနွေးပေးပါဦး ကိုသီဟခင်ဗျ။" ကိုသီဟ (အယ်ဒီတာ၊ 7 Day ဂျာနယ်) “ကျနော်တို့ အခုလတ်တလောပဲ ဖြစ်ခဲ့တဲ့ ပြဿနာပေါ့။ တပ်မတော်နဲ့ 7 Day မီဒီယာနဲ့ ဖြစ်တဲ့ ပြဿနာ ၊ တပ်မတော်ကနေပြီးတော့ ပုဒ်မ ၁၃၁ နဲ့ စွဲတယ်။ ကျနော်တို့ 7 Day က ရေးလိုက်တဲ့ သတင်းမှာလည်း ဒါက ကျနော်တို့ မူရင်းဆို့စ်က ကျနော်တို့ရေးလိုက်တဲ့ဟာမှာ၊ သူတို့ဆီကနေ ဖေ့စ်ဘွတ်ခ်တင်လိုက်တဲ့ ကြေညာချက်တခုကို 7 Day ကနေ ပြန်ရေးတယ်။ ရေးတဲ့အပေါ်မှာပဲ ဖြစ်သွားတဲ့အခါကျတော့ တပ်မတော်ကနေပြီးတော့ ဒါ တပ်မတော်ဖြိုခွဲမှု၊ စစ်ပုန်ကန်သူကို အားပေးတဲ့အမှု ဆိုပြီးတော့ ပုဒ်မ ၁၃၁ နဲ့ စွဲလာတဲ့အခါကျတော့ လက်ရှိအခြေအနေထိကတော့ 7 Day နဲ့ စစ်တပ်နဲ့ နှစ်ဦးနှစ်ဘက် ပြေလည်မှုတော့ ရသွားပြီ။ အမှုကိုလည်း ကျေအေးလိုက်တယ်။ ဒါပေမယ့် ဒါသည် ကျနော်တို့အနေနဲ့ နောက်နောင်မှာ 7 Day တင်မကဘူး။ ကျနော်တို့ မီဒီယာတလောကလုံးမှာ တပ်မတော်နဲ့ပတ်သက်လို့ သတင်းတွေ ဖော်ပြမယ်ဆိုရင် ကျနော်တို့ ဘယ်လိုပုံစံနဲ့ ဖော်ပြလို့ အဆင်ပြေနိုင်မလဲ။ ကျနော်တို့ရေးလိုက်လို့ တခုခုများ စာလုံးအကျအကောက်ကအစ လွဲမှားသွားမယ်ဆိုရင် အမြဲတမ်းအမြဲတမ်း အဲလိုမျိုး တရားစွဲဆိုမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လာမယ်ဆိုရင် ကျနော်တို့ မီဒီယာတလောကလုံးမှာ စစ်တပ်နဲ့ပတ်သက်တဲ့ သတင်းကို ကျနော်တို့ ဘယ်လိုထုတ်ပြန်ရမလဲဆိုတဲ့ ဟာမျိုးတော့ စိတ်ပူမိတာတော့ ရှိပါတယ်ခင်ဗျ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ကိုသီဟ ပြောသလိုပါပဲ။ တပ်မတော်က နိုင်ငံရေးမှာလည်း ဦးဆောင်မှုပါရမယ်။ ၂၅ ရာခိုင်နှုန်းလည်း ပါလီမန်ထဲမှာပါတယ်။ အဲလိုပဲ တခြားလှုပ်ရှားမှုတွေလည်း အများကြီး ရှိတာပေါ့နော်။ သူ့ရဲ့ သတင်းဖော်ပြမှုကို သတင်းသမားတွေက ဘယ်လိုဖော်ပြရမှာလဲ။ အဲဒါနဲ့ တပြိုင်တည်း ကျနော်တို့ အခြေခံဥပဒေမှာလည်း ဒီ Citizen Right ပေါ့။ နိုင်ငံသားတွေကလည်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ အဲလိုပဲ သတင်းမီဒီယာဥပဒေမှာလည်း သတင်းကို ကျင့်ဝတ်နဲ့အညီ ရယူဖော်ပြပိုင်ခွင့် ရှိတယ်ပေါ့။ အဲလိုဟာတွေရဲ့ သက်ရောက်မှုတွေပေါ့နော်။ တကယ်တမ်း နောက်ပိုင်း သတင်းတွေ ဆက်လိုက်မယ်။ ဘယ်လိုတွေဖြစ်လာနိုင်လဲ။ ကိုကျော်စွာမိုး ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။" ကိုကျော်စွာမိုး (အယ်ဒီတာ၊ ဧရာဝတီသတင်းဌာန) “ဒီဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ရင်တော့ နံပါတ်တစ် တပ်မတော်ဘက်က ကြည့်သင့်တာကပေါ့နော်။ ကျနော်မြင်တာကတော့ အတွင်းပိုင်းမှာ တခြား ဖေ့စ်ဘွတ်ခ်တင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့အချင်းချင်းမှာ နိုင်ငံရေးတွေ ရှိချင်ရှိမယ်။ ဒါပေမယ့်လည်းပဲ ပထမဦးဆုံး ကျနော်တို့ ကြည့်သင့်တာတော့ ပြည်သူပဲ။ ပြည်သူတွေရဲ့ သတင်းရပိုင်ခွင့်၊ သိပိုင်ခွင့် Right to Know ပေါ့။ ကွန်စတီကျူးရှင်းမှာလည်း ပြဋ္ဌာန်းထားတယ်။ တကယ်လည်း ပြည်သူတွေရဲ့ အခွင့်အရေးဖြစ်တယ်။ အဲဒါကို တပ်မတော်ပဲဖြစ်ဖြစ်၊ အာဏာပိုင် ဘယ်သူပဲမဆို ဘယ်လိုမျိုး ဒီအခွင့်အရေးကို ပြည်သူတွေကို ပေးမလဲပေါ့။ အဲဒါက နံပါတ်တစ် ကြည့်သင့်တဲ့အချက်လို့ ကျနော်ကတော့ မြင်တယ်။ အဲဒီနောက်မှာ ပါလာတာကတော့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ပေါ့။ အဲဒီဟာမျိုး ပြည်သူကို ရပိုင်ခွင့်၊ သိခွင့်ပေးဖို့အတွက်က သတင်းနဲ့စာနယ်ဇင်းတွေက မှန်ကန်တဲ့သတင်းကို လွတ်လွတ်လပ်လပ် ရေးသားပိုင်ခွင့်ရှိတယ်။ မှားရင်လည်း ဒါကတော့ တောင်းပန်ရတာပေါ့လေ။ အဲဒီအချက်နှစ်ချက်ကို တပ်မတော်ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ အစိုးရခေါင်းဆောင်တွေပဲဖြစ်ဖြစ် အဲဒီအချက်ကို အဓိက မူတည် ရှေးရှုပြီးတော့ ကျင့်သုံးသင့်တယ်ထင်တယ်။ ဒီလိုကိစ္စမျိုးက တရားစွဲသင့်လား၊ မစွဲသင့်လားဆိုတာ အဲဒီအပေါ်မှာ အခြေခံပြီးတော့ မြင်သင့်တယ်ထင်တယ်။ မဟုတ်ရင် ပြည်သူတွေမှာရော၊ စာနယ်ဇင်းမှာရော လက်ရှိ ဒီမိုကရေစီ အစိုးရအောက်မှာရော ပဲငါတို့တွေကို ခြိမ်းခြောက်တယ်လို့ မြင်မိမှာပဲ။ ဘာလို့လဲဆိုတော့ အက်ရှင်အရေးကြီးတာကိုး။ ကျနော်ကတော့ အဲဒီဟာကို အဓိကထားသင့်တယ်လို့ ထင်တယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ။ အခု ဒါ လက်ရှိ ဒီမိုကရေစီအစိုးရပေါ့နော်။ အခု ဖြစ်တာကလည်း ကျနော်တို့ အစိုးရသစ်အောက်မှာဖြစ်တယ်။ နောက် ဒီအစိုးရကလည်း တရားဥပဒေစိုးမိုးရေး ဆိုတာကို တော်တော်ပြောတယ်။ အခု ဒီကိစ္စမျိုးကျတော့ တရားဥပဒေအထက်မှာ တယောက်ယောက် ရှိနေလားပေါ့။ အဲတော့ တရားဥပဒေစိုးမိုးရေးကိစ္စရယ်၊ နောက် ကျနော်တို့ စာနယ်ဇင်းသမားတွေကိုလည်း တရားဝင် တကယ်လို့များ အငြင်းပွားမှုဖြစ်ရင် စာနယ်ဇင်းကောင်စီက တဆင့်သွားပါပေါ့။ အခုကျတော့ အဲလိုလည်း သွားတာမဟုတ်ဘူး။ တိုက်ရိုက်ဖြစ်ခဲ့တယ်။ အဲဒါတွေရဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ပေါ့။ ခုန တရားဥပဒေစိုးမိုးရေးရယ်၊ လက်ရှိ ကျနော်တို့ အခုလို အငြင်းပွားမှုတွေဖြစ်ရင် သွားပြီးဖြေရှင်းရမယ့် ဘော်ဒီ၊ အဲဒီနှစ်ခုလုံးက တကယ်တမ်းကျတော့ ဘာမှအသက်မ၀င်ခဲ့ဘူး။ ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်ဘူး။ အဲဒီအပေါ်မှာ ဘာတွေများ အကျိုးဆက်တွေရှိလဲ။ အဲဒါလေးကို ထပ်ပြီးတော့ ဖြည့်စွက်ပြောပေးပါဦးခင်ဗျ။" ကိုသီဟ (အယ်ဒီတာ၊ 7 Day ဂျာနယ်) “အစိုးရက အခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သူ လွှတ်တော်ကိုယ်စားလှယ် ဘ၀တုန်းကရော၊ အတိုက်အခံဘ၀တုန်းကကော သူပြောခဲ့တယ်။ အရင် ဦးသိန်းစိန်အစိုးရမှာ တခုခု ပြဿနာတွေဖြစ်တိုင်း ဒါ တရားဥပဒေစိုးမိုးမှု မရှိလို့။ ဒါ တရားဥပဒေစိုးမိုးမှု မရှိလို့ဆိုတာမျိုး အမြဲတမ်းပြောခဲ့တယ်။ အဲဒါကြောင့်မို့ သူ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတဲ့အချိန်မှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဆိုပြီး လွှတ်တော်ကနေ ကော်မတီတခု ဖန်တီးပေးပြီးတော့ သူ့ကို ဥက္ကဋ္ဌအဖြစ် ခန့်ခဲ့တယ်။ အခု သူ အစိုးရအဖွဲ့ထဲ ရောက်သွားပြီ။ သူသည် အာဏာရှိသော ပုဂ္ဂိုလ်တယောက် ဖြစ်နေပြီ။ အဲဒီအချိန်မှာ တရားဥပဒေစိုးမိုးရေးဆိုတာကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုသွားတာလဲ။ ပဋိပက္ခတွေ ဖြစ်နေတာက တရားဥပဒေစိုးမိုးရေး မရှိတာလား။ ခိုးဆိုးလုယက် တိုက်ခိုက်သတ်ဖြတ်နေတာသည် တရားဥပဒေစိုးမိုးရေး မရှိတာလား။ အဖွဲ့အစည်းတခုကနေ အဖွဲ့အစည်းတခုကို လုပ်ချင်တိုင်းလုပ်ခွင့် ရနေတာသည်လည်း တရားဥပဒေစိုးမိုးရေး မရှိတာလား။ သူတို့ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမှာလဲ။ အစိုးရရဲ့ အခန်းကဏ္ဍက ဘယ်မှာရောက်သွားပြီလဲ ဆိုတာ ကျနော်တို့ မေးခွန်းထုတ်စရာတွေတော့ ရှိပါတယ်။ ဒါက ကျနော် အစိုးရကို မေးခွန်းထုတ်တာပါ။ တရားဥပဒေစိုးမိုးရေးကို အစိုးရအနေနဲ့ ဘယ်လိုမျိုးများ အဓိပ္ပာယ်ဖွင့်ဆိုပါသလဲ။ လူသတ်နေမှ၊ ဓားပြတိုက်နေမှ၊ လမ်းပေါ်မှာ မုဒိမ်းကျင့်နေမှ တရားဥပဒေစိုးမိုးရေး မရှိဘူးလို့ အစိုးရက အဓိပ္ပာယ်ဖွင့်ဆိုမှာလား။ ဒီလို တဖွဲ့နဲ့တဖွဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတယ်၊ လုပ်ချင်တိုင်းလုပ်နေတဲ့ ကိစ္စတွေကိုရော အစိုးရအနေနဲ့ ဘယ်လိုများ ၀င်ထိန်းမလဲ။ ပြီးတော့ စာနယ်ဇင်းကောင်စီ၊ ဒီ မီဒီယာဥပဒေမှာ ပုဒ်မ ၉ ထင်တယ်၊ မီဒီယာသမားတွေသည် ကျင့်ဝတ်နဲ့အညီ သတင်းရယူခွင့် ရှိရမယ်ဆိုတာ ရှိတယ်။ ဒါပေမယ့် အဲဒါကို ဖောက်ဖျက်ခဲ့ရင် နစ်နာသူဘက်ကနေပြီးတော့ တရားစွဲလို့ရတယ်။ မှန်တယ် 7 Day ရေးလိုက်လို့ တပ်မတော်က နစ်နာသွားတယ်လို့ ယူဆရင် တပ်မတော်က 7 Day ကို အချိန်မရွေး တရားစွဲလို့ ရပါတယ်။ ဒါပေမယ့် မီဒီယာဥပဒေအရ Law မှာပါတာက စာနယ်ဇင်းကောင်စီကို အရင်ဆုံး ဦးတိုက်ပြီး တိုင်ကြားပါ။ စာနယ်ဇင်းကောင်စီကို တိုင်ကြားတဲ့နေ့ကနေစပြီးတော့ ရက်ပေါင်း ၆၀ အတွင်း ဒီပြဿနာကို ဖြေရှင်းပါ။ ဖြေရှင်းလို့ မကျေလည်မှသာလျှင် တရားမကြောင်းအရသော်လည်းကောင်း၊ ရာဇ၀တ်မှုကြောင်းအရသော်လည်းကောင်း တရားရုံးကို ဦးတိုက်လျှောက်ထားပါဆိုပြီး ပါတယ်။ အခုသည် တပ်မတော်က 7 Day ကို တိုက်ရိုက်ကိုင်တွယ်သွားတဲ့အခါမှာ စာနယ်ဇင်းကောင်စီရဲ့ အခန်းကဏ္ဍက လုံးဝ ဆုံးဆုံးမြုပ်သွားတယ်။ မပါလာခဲ့တော့ဘူးလို ဖြစ်သွားတယ်။ အဲတော့ စာနယ်ဇင်းကောင်စီရဲ့ အခန်းကဏ္ဍ၊ လက်ရှိအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အခန်းကဏ္ဍသည် ဘယ်မှာလဲလို့ဆိုပြီး ကျနော်တို့ မီဒီယာသမားတွေအနေဲ့ မေးခွန်းထုတ်သင့်တဲ့ ကိစ္စလို့ ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ ကိုကျော်စွာမိုးလည်း အစောတုန်းက ကျနော်တို့ လွတ်လပ်စွာ သတင်းရယူခွင့်၊ ဖော်ပြပိုင်ခွင့်၊ ပြည်သူတွေ သိရှိခွင့်ကိုလည်း ပြောသွားတယ်။ အဲဒီအတွက် ကျနော်တို့ရဲ့ သတင်းသမားတွေ တာဝန်ရှိသလို လိုက်နာရမယ့်ဟာတွေလည်း အကုန်ရှိတာပေါ့ဗျာ။ ကိုယ့်ကျင့်ဝတ်နဲ့။ အခုလိုမျိုး တကယ်တမ်းကျတော့ သတင်းယူမှုမှာ တကယ်တမ်း အဆင်မပြေဘူး၊ မချောမွေ့ဘူး။ ခုန ရှိထားတဲ့ Mechanism တွေကလည်း သိပ်အလုပ်မဖြစ်ဘူး။ အဲဒါနဲ့ပတ်သက်လို့ ဘာများ ဖြည့်စွက်ပြောချင်လဲ။ အထူးသဖြင့်တော့ ပြည်သူတွေ သတင်းရပိုင်ခွင့်ကော သတင်းသမားတွေသည် သတင်းကို ကျင့်ဝတ်နဲ့အညီ နည်းမှန်လမ်းမှန် ထုတ်ပြန်ပိုင်ခွင့်မှာရော ဘယ်လိုတွေ သက်ရောက်လာနိုင်လဲ။ အဲဒါနဲ့ ဆက်စပ်ပြီးတော့လည်း ဖြည့်စွက်ဆွေးနွေးပေးပါဦး ကိုကျော်စွာမိုးခင်ဗျ။" ကိုကျော်စွာမိုး (အယ်ဒီတာ၊ ဧရာဝတီသတင်းဌာန) “ခုန ကိုတိုးဇော်လတ်ပြောတဲ့ Mechanism ပေါ့နော်။ အဲဒါဟာဆိုရင် ပြီးခဲ့တဲ့အစိုးရမှာတောင် သေချာမရှိခဲ့ဘူး။ ဒီအစိုးရမှာ ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ ပြီးခဲ့တဲ့လပိုင်းကနေပြီးတော့ စပြီးတော့ ပြောရေးဆိုခွင့်ရှိသူတွေ ၀န်ကြီးဌာနတွေအားလုံးမှာ ခန့်လိုက်တယ်ပေါ့နော်။ ဒါက ပြောမယ်ဆိုရင် Access to Information ပေါ့နော်။ သတင်းတွေကို ရယူပိုင်ခွင့်ကို မှန်မှန်ကန်ကန် ရယူနိုင်ဖို့ တကယ့် Right Person ဆီက ရဖို့အတွက် လုပ်ပေးလိုက်တာပေါ့နော်။ ပြဿနာ ကျနော်တို့တွေ့ရတာ တချို့ဝန်ကြီးဌာနတွေရဲ့ ပြောရေးဆိုခွင့် ရှိသူတွေဟာ ပြောတာမတွေ့ရဘူး သိပ်ပြီးတော့။ အဲလိုပဲ ကျနော်တို့ တပ်မတော်နဲ့ ပတ်သက်ရင်လည်း သူတို့ပေးထားတဲ့ Contact Persons တွေကို ကျနော်တို့ ဆက်သွယ်တယ်။ ဒါပေမယ့်လည်း ကျနော်တို့ ဘာမှ သေသေချာချာ ပြန်ကြားတာ မရဘူးပေါ့နော်။ အဲဒီအခါကျတော့ အဲဒီမှာသွားပြီးတော့ ဒီကိစ္စတခုဖြစ်ပြီဆိုရင် ၀န်ကြီးဌာနတခုကို ဆက်သွယ်ပြီးတော့ မေးရမယ်။ Confirmation ယူရမယ်။ ဟိုဘက်ကနေ Collaboration မရှိရင် သတင်းဌာနမှာ ပြဿနာတက်တယ်။ ဒါ ထုတ်လို့မရတာတွေ ဘာတွေဖြစ်တယ်။ ဟိုဘက်က Collaboration မရှိဘဲနဲ့ Confirmation မပေးဘူးဆိုရင်လည်း ဒီဘက်က ထုတ်ပြီဆိုရင် မှားတယ်လို့ နောက်ပိုင်းမှာ စွပ်စွဲခံရနိုင်တာတွေရှိတယ်။ ကျနော်မြင်တာကတော့ လက်ရှိကတော့ ဘာပဲပြောပြော ပြန်ကြားရေးဝန်ကြီးဌာနကလည်း အရေးကြီးတယ်ထင်တယ်။ သူတို့က ဘယ်လောက်ထိ ဒါကို ထပ်ပြီးတော့ ကူညီပံ့ပိုးပြီး လုပ်ပေးမလဲ၊ ၀န်ကြီးဌာနအနေနဲ့၊ ဒါက သူတို့ရဲ့ အဓိကရည်ရွယ်ချက် ဖြစ်နေတာကိုး။ တပ်မတော် အပါအ၀င်၊ ကာကွယ်ရေးဝန်ကြီးဌာန အပါအ၀င် ကျန်တဲ့ ၀န်ကြီးဌာနတွေအားလုံးက ပြောရေးဆိုခွင့်ရှိသူတွေကို ပိုပြီးတော့ မီဒီယာနဲ့ ဆက်ဆံပြီး ပြောဆိုဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်နဲ့ အမြန်ဆုံးပေးဖို့ အဲဒီအချက်တွေက အရမ်းအရေးကြီးတယ်လို့ ကျနော်ထင်တယ်။ အဲလိုမှမဟုတ်ရင် အခုလို နားလည်မှုလွဲတာတွေ အများကြီးဖြစ်နိုင်တယ်။ ရှေ့လျှောက်ပြီးတော့ မပြောမဆိုတဲ့ ၀န်ကြီးဌာနကိုလည်း ပြည်သူကမြင်မှာက အရင်လူဟောင်းတွေပဲ၊ အရင်ပုံစံအတိုင်းပဲ လုပ်နေတယ်ဆိုရင် ဒီပြုပြင်ပြောင်းလဲတဲ့ ဒီမိုကရေစီအစိုးရဆိုတာ ကျနော်ထင်တယ် နာမည်ပျက်စရာရှိတယ်။ အဲလိုမျိုး ပြောရေးဆိုခွင့်ရှိသူတွေကြောင့်မို့ သေချာမပြောတဲ့အတွက်ကြောင့်မို့။ အဲဒီ Mechanism ကို ပြန်ကြားရေးဝန်ကြီးဌာန၊ အစိုးရ တိုက်ရိုက်ကနေပြီးတော့ ကျနော်ထင်တယ် ပြောဆိုသင့်တယ်။” ကိုသီဟ (အယ်ဒီတာ၊ 7 Day ဂျာနယ်) “ပြောရေးဆိုခွင့်ရှိသူတွေကို ဟိုတလောကပဲ ဆရာဖေမြင့် ပြန်ကြားရေးဝန်ကြီး သူပါပြီးတော့မှ မီဒီယာက ထရိန်နာတွေနဲ့ သင်တန်းတွေပေးတယ်။ ဖွင့်ပွဲလုပ်တယ်။ အဲဒီမှာ ပြောရေးဆိုခွင့်ရှိသူတွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ဘယ်အတိုင်းအတာထိ ပြောခွင့်ပေးထားလဲ။ ဘယ်လောက် သူတို့မှာ ပြောခွင့်ရှိလဲ။ ပြောရေးဆိုခွင့်ရှိသူဆိုတဲ့ ဆိုင်းဘုတ်တပ်ပေးရုံနဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်မလာဘူး။ သူ ဘယ်လောက်ပြောခွင့်ရှိမှာလဲ။ သူပြောတာကို သူ ဘယ်လောက်တာဝန်ယူနိုင်လဲ။ နောက်ဆုံး သူ ပြောလိုက်ပြီးတော့မှ တိုက်ကို ဖုန်းဆက်ပြီးတော့ သားရေ ဒါလေးတော့ မရေးပါနဲ့ကွာ၊ တချက်မှားသွားလို့ပါ ဆိုတာမျိုး ပြန်လုပ်တဲ့ အခြေအနေမျိုးတွေ မရှိရတော့ဘူး။ သူပြောတဲ့စကားတိုင်းသည် သတင်းဖြစ်ရမယ်ဆိုတဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ အခွင့်အရေး ရှိနေရမယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ။ နောက်တခုကလည်း ကျနော်မေးချင်တာက 7 Day က အခုမှဖြစ်တာပေါ့နော်၊ ဒီလထဲမှာ။ အဲဒီမတိုင်ခင်ကလည်း ကျနော်တို့ MRTV4 ကနေပြီးတော့ ရက္ခိုင့်တပ်မတော်ဆိုတဲ့ဟာနဲ့ တပ်မတော်က တခေါက် ကန့်ကွက်ဖူးတယ်။ အဲဒီမတိုင်ခင်ကလည်း မြန်မာတိုင်းမ်နဲ့ ကာတွန်းတခုအပေါ်မှာ တပ်မတော်ကနေပြီးတော့ သူ့ရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်ပေါ့။ အဲလို Incident တွေ ဖြစ်ခဲ့တယ်။ အဲဒါရဲ့ အရင်တုန်းကလည်း ကျနော်တို့ ကိုးကန့်တိုက်ပွဲတုန်းကလည်း ကိုးကန့်သတင်း မဖော်ပြပါနဲ့။ အဲဒီတုန်းက ကျနော်တို့ သတင်းသမားတွေအတွက်တော့ ရေးရမှာလား၊ မရေးရဘူးလား သိပ်ရှင်းလင်းမြင်သာမှု မရှိဘူး။ ရေးရင် ပြဿနာတက်နိုင်လားပေါ့။ အဲဒါနဲ့ပတ်သက်လို့ ဒီလိုဟာမျိုးတွေ ရှေ့လျှောက်ပေါ့နော် ဒီလိုဟာက ဖြစ်လည်းဖြစ်နေတယ်။ တခုတည်းလည်း မဟုတ်ဘူး။ ဖြစ်လာတဲ့ အကြိမ်ရေကလည်း များလာတယ်။ တကယ်တမ်းကျတော့ ကျနော်တို့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာလည်း မထိအောင်၊ ကျနော်တို့လည်း သတင်းအမှန်ရအောင် ဘယ်လိုမျိုး ဆက်ပြီးတော့ လုပ်သင့်တယ် ဆိုတာလေးကို ကိုသီဟ အကြံပေးဆွေးနွေးပေးပါဦးခင်ဗျ။" ကိုသီဟ (အယ်ဒီတာ၊ 7 Day ဂျာနယ်) “တပ်မတော်မှာလည်း ပြောရေးဆိုခွင့်ရှိသူဆိုတာ ထားထားပါတယ်။ ခုန ပြောရေးဆိုခွင့်ရှိသူနဲ့ ကျနော်တို့ ပြန်ချိတ်ရင်။ ဒါဆိုရင် ပြောရေးဆိုခွင့်ရှိသူသည် ဘယ်အတိုင်းအတာအထိ တပ်မတော်ကနေ သူ့ကို Authority ပေးထားသလဲဆိုတာ ရှိမယ်။ ကျနော်တို့က သတင်းကိစ္စတခုအတွက် တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတခုကို ထုတ်ပြန်ဖို့အတွက် ဒီပြောရေးဆိုခွင့်ရှိသူကို ဖုန်းဆက်တဲ့အချိန်မှာ ဒါမှမဟုတ် ကိုယ်တိုင် Appointment တောင်းပြီးတော့ တွေ့တဲ့အချိန်မှာ သူ ဘယ်လောက်ထိ ပြောမှာလဲ၊ နောက်ဆုံး တကယ်တမ်းဆိုရင်တော့ အကောင်းဆုံးတခုကတော့ တပ်မတော်ဘက်ကနေပြီးတော့ မီဒီယာဂိုက်လိုင်း ချလိုက်ပါဗျာ။ တပ်မတော်နဲ့ ပတ်သက်လို့ ဘာတွေဘာတွေ ဖော်ပြပါ၊ ဘယ်လိုဘယ်လိုတွေတော့ မဖော်ပြပါနဲ့ဆိုပြီး မီဒီယာဂိုက်လိုင်း ချပြီးတော့သာ မီဒီယာတွေကို ပေးလိုက်ပါ။ အဲဒီအခါ သူ့ဂိုက်လိုင်းကို ကျနော်တို့ သဘောတူရင်တော့ သူ့သတင်းတွေကို ကျနော်တို့ ဆက်ပြီးတော့ ဖော်ပြမှာပေါ့ဗျာ။ သဘောမတူရင်တော့ ကျနော်တို့ တပ်နဲ့ပတ်သက်တဲ့ သတင်းတွေကို သဘောမတူတဲ့ မီဒီယာတွေက မဖော်ပြဘူးပေါ့။ ဒီနည်းလမ်းပဲ ရှိပါတော့တယ်။ မဟုတ်ရင်တော့ ကျနော်တို့က ရေးရမှာလား၊ မရေးရဘူးလား။ တပ်ကိုသွားပြီးတော့ တို့ထိရမှာလား၊ မတို့ထိရဘူးလား ဆိုတာမျိုးက ကျနော်တို့မှာ အများကြီးပဲ။ ဆူးပေါ်တက်ထိုင်နေတဲ့ ပုဂ္ဂိုလ်တွေလို ဖြစ်နေတဲ့အခါကျတော့ မီဒီယာဂိုက်လိုင်းချပြီးတော့ မီဒီယာတွေကို ပေးလိုက်တာ အကောင်းဆုံးပဲထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ၊ ကိုကျော်စွာမိုးလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ တကယ်တမ်းကျတော့ Mechanism အစိုးရကနေပြီးတော့ လုပ်ပေးတယ်။ အဲလိုပဲ တပ်မတော်ဆိုတာလည်း သူ့ရဲ့ ဗမာပြည်မှာ အရေးကြီးတဲ့ အင်စတီကျူးရှင်းတခုပေါ့။ အဲလိုမျိုး ဂုဏ်သိက္ခာလည်း မထိရအောင်၊ သတင်းသမားတွေလည်း ဒုက္ခမရောက်အောင် တကယ်တမ်း လက်တွေ့လည်းကျမယ်၊ အလုပ်လည်းဖြစ်နိုင်မယ့် Mechanism တခုလိုမျိုးကို ဘယ်လိုမျိုး လုပ်သင့်တယ်ဆိုတာ ဖြည့်စွက်ပြီး ဆွေးနွေးပေးပါဦး။" ကိုကျော်စွာမိုး (အယ်ဒီတာ၊ ဧရာဝတီသတင်းဌာန) “ကျနော်ထင်တယ်။ ဘာမှမခက်ဘူးလို့ ကျနော်ထင်တယ်လေ။ ဘာလဲဆိုတော့ အဓိကက ခုနပြောတဲ့ ဂုဏ်သိက္ခာရှိတယ်ဆိုရင် ကျနော်ပြောတာ သူက လုပ်နေတဲ့ဟာကို ပွင့်ပွင့်လင်းလင်းနဲ့ Transparency ရှိရှိ၊ Accountability တာဝန်ယူမှုရှိရှိနဲ့ ဖွင့်ချပြလိုက်ရုံပဲ။ မပြောဘူးဆိုရင်သာ လူတွေက တမျိုးတောင် ပိုထင်ဦးမယ်။ ဘာဖြစ်လို့လဲ၊ ကွယ်ဝှက်စရာများ ရှိလို့လားပေါ့။ ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ်။ Transparency ရှိရှိ ပြောလိုက်မယ်၊ Accountability ရှိရှိ ပြောလိုက်မယ်ဆိုရင် အားလုံးက ဒါ ဂုဏ်သိက္ခာလည်း ပိုတက်တယ်၊ အမှန်တိုင်းကိုလုပ်နေတာ ပွင့်လင်းမြင်သာမှုရှိတယ်။ ဒါက တပ်မတော်ရဲ့ တခုတည်းကို ကျနော်ပြောတာမဟုတ်ဘူး။ အစိုးရတခုလုံး၊ ၀န်ကြီးဌာနတွေအကုန်လုံး၊ အဖွဲ့အစည်းတွေ အကုန်လုံးမှာ အဲဒီဟာရှိမယ်ဆိုရင် ဂုဏ်သိက္ခာ အလိုအလျောက်တက်တယ်။ ချမှတ်ရမယ့် စည်းမျဉ်းက လွယ်လွယ်လေးပဲ၊ Transparency ရှိရှိနဲ့ ပြောစရာရှိတာ ပြည်သူကို အကုန်ပြောလိုက်၊ လိုအပ်မယ်လို့ ထင်တာတွေ အကုန်ပြောရမှာပဲ။ ရိုးရှင်းတယ်  ကျနော်ထင်တာကတော့။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024