မင်းပြားမြို့နယ် ရွာပေါင်း ၂၅ ရွာ ရေကြီးရေလျှံမှု ဖြစ်ပေါ် (ရုပ်သံ)

1K
ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်နဲ့ ရွာပေါင်း ၂၅ ရွာမှာ ဇူလိုင် ၃ ရက်ကစပြီး ဒီနေ့ထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။
မင်းပြာမြို့နယ်ရဲ့ ပန်းမြောင်းကြီး၊ လေးမြို့၊ ဖုန်သာ၊ မင်းဖူးစတဲ့ ချောင်းရိုးတလျှောက်က ရွာပေါင်း ၂၅ ရွာမှာ ရေလွှမ်းနေမှုတွေ ဖြစ်ပေါ်နေတာပါ။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တော၊ ကျောက်တော် စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစပြီး ရေကြီးနေတာမှာ ဒီကနေ့ အထိ ရေမကျသေးတဲ့အတွက် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့်နေကြပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ရေကြီးတဲ့နေရာမှာ ကိုယ်တိုင်သွားရောက်ပြီး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားသလို မနေ့ တုန်းက မြို့နယ် ၃ ခုအတွက် စားနပ်ရိက္ခာအကူအညီပေးခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့ကနေ အမ်းမြို့ဆီ သွားတဲ့ကားတွေ ၁၀ စီး ရှေ့ဆက်သွားလို့မရသလို နောက်ပြန်လှည့်လို့မရတဲ့အတွက် အမ်းမြို့နယ်အတွင်းက ကဇုကိုင်း ချောင်းနီးမှာ ဒီနေ့ မနက်ပိုင်းက ပိတ်မိနေပါတယ်။
ရုပ်သံ - ၀ဏ္ဏခွာညို