A d v e r t i s e m e n t With Us

ရခိုင်တွင် ရက်ဆက်ရေကြီး၊ ကျေးရွာများတွင် အရေးပေါ်အကူအညီလိုအပ်

ရခိုင်ပြည်နယ် မင်းပြား၊ ပုဏ္ဏကျွန်း၊ မြောက်ဦး၊ ပေါက်တော၊ ကျောက်တော်  စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစပြီး  ရေကြီးနေတာမှာ ဒီကနေ့ အထိ ရေမကျသေးတဲ့အတွက် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့်နေကြပါတယ်။ မင်းပြားမှာဆိုရင် မြို့ပေါ်မှာရော နယ်တွေမှာပါ ပန်းမြောင်းကြီး၊ လေးမြို့၊ ဖုန်သာ၊  မင်းဖူးစတဲ့ ချောင်းရိုးတလျှောက်က  ရွာပေါင်း ၂၅ ရွာမှာ ဇူလိုင်လ ၃ ရက်ကနေ ကနေ့အထိ ရေလွှမ်းနေ တဲ့အတွက် အမြင့်ပိုင်းမှာရှိတဲ့ ကျေးရွာဘုန်းကြီးကျောင်းတွေမှာရော၊ ကုန်းမြင့်မှာ တဲထိုးနေရတဲ့ သူတွေလည်း ရှိတယ်လို့ မင်းပြားလူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “၄ ရက်နေ့က မင်းပြားမြို့ပေါ်ရပ်ကွက်ထဲ ရေတွေဝင်လာတယ်။ ဆယ်ရပ်ကွက်လုံးပဲ၊  ဦးစိုးတင့်ရပ်ကွက်နဲ့ မင်းဘကြီးရပ်က အဆိုးဆုံးပဲ၊ ရင်ခေါင်းထိရှိတယ်။ နယ်မှာက ၃ ရက်နေ့ ကတည်းက စ၀င်တယ်။ ၄ ရက်နေ့မှာ ပိုဆိုးလာတယ်။  လူတွေအကုန် မြင့်တဲ့နေရာကို ရွှေ့ပြောင်းရတယ်။ ရွာဘုန်းကြီးကျောင်းမှာ နေရာမဆံ့တော့လို့ တချို့က သူများတောင်ယာ လုပ်နေတဲ့ တဲမှာသွားနေတယ်။ တချို့က မိုးကာတွေနဲ့ တဲထိုးပြီးနေနေရတယ်။ ဆန်စပါးတွေက ရေထဲပါသွားတော့ စားရေးေ သာက်ရေး တော်ေ တ်ာအခက်အခဲရှိပါတယ်။ အထူးသဖြင့် ဆန်နဲ့ သောက်ရေတွေလိုနေတယ်။  ရေစီးလည်းသန်တော့ ကျနော်တို့ သွားပြီးကူဖို့လည်း အခက်အခဲ ရှိနေတယ်။” ရေဘေးသင့်သူတွေကို ပရဟိတလူငယ်တဖွဲ့နဲ့ စေတနာရှင်တွေ တတ်နိုင်သလောက်ကူပေမယ့် လုံလောက်မှုမရှိကြောင်း၊  မြို့နယ်အုပ်ချုပ်ရေးပိုင်းကတော့ မနေ့က အစည်းအေ၀းခေါ်ယူပြီး ရေဘေးသင့် ပြည်သူစာရင်းတွေ ကောက်ယူနေတယ်လို့  ဦးခင်ဇော်ဝင်းက ပြောသွားပါတယ်။ ပုဏ္ဏကျွန်းမြို့နယ်မှာဆိုရင်လည်း ကုလားတန်မြစ်ရေကြီးတာကြောင့် ဇူလိုင်လ ၄ ရက်နေ့ကစပြီး ရွာပေါင်း ၂၀ ကျော်ကလူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ရတယ်လို့ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးသောင်းစိန်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ဆီမှာတော့  ဗုဒ္ဓေါ၊ ပြင်လျားရှည်၊ လက်ဝေး၊ ကဏန်းတောင် စတဲ့ ရွာတွေ အပါအ၀င် ရွာပေါင်း ၂၀ ကျော် ရေတွေလွှမ်းနေတယ်။  ကျနော်တို့ သွားကြည့်ခဲ့တဲ့ ရွာတွေဆိုရင် ရေတွေက တချို့နေရာက ခါးလောက်ရှိတယ်။ လူတွေက အမြင့်ပိုင်းဘုန်းကြီးကျောင်းနဲ့ ဘေးလွတ်တဲ့ နေရာမှာ သွားစုနေရတယ်။ အကူအညီတွေလည်း လိုနေတယ်။ နေရာထိုင်ခင်းကိစ္စလည်း အခက်အခဲရှိတယ်။ ဘယ်အသင်းအဖွဲ့တွေမှ လာကူတာမတွေ့သေးဘူး။ ပုဂ္ဂလိက အလှူရှင်တွေ နိုင်သလောက်ကူနေတယ်။” စပါးခင်းတွေထဲလည်း ရေ၀င်နေတာ ၃ - ၄ ရက်ရှိပြီဖြစ်ပြီး  ရှေ့ဆက်ရေမကျသေးဘူးဆိုရင် ပျက်စီးဖို့ စိုးရိမ်ရတယ်လို့ ပြောသွားပါတယ်။ မြောက်ဦးမြို့နယ်မှာဆိုရင် မြို့ပေါ်ရပ်ကွက် အားလုံးနီးပါး ရေ၀င်ခဲ့သလို သလူချောင်း၊ ထိပ်ဝပြင်၊ ယိုးချောင်း၊ ဘူးတစ်လုံး၊ ရှောက်ပုံကျွန်း အပါအ၀င် ရွာပေါင်း ၁၈ ရွာမှာလည်း ရေ၀င်ခဲ့ပါတယ်။ ကျောင်းတောင်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်ပြောင်းရွှေရပြီး အိမ်ခြေ ၂၀ လောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ ကျောက်တော်မြို့နယ်မှာဆိုရင်  ဗိုလ်မင်းရွာ၊ ခွဆုံ၊ ဘရဝေါ၊ ကန်စောက်၊ သရက်တစ်ပင်၊ မဟာမုနိ၊ ရွာမပြင်၊ သာယာကုန်း၊ မင်းသားတောင်၊ နဂူမေ စတဲ့ရွာတွေအပါအ၀င် ရွာပေါင်း ၁၆ ရွာလောက်ရေလွှမ်းနေပြီး ရွာသားပေါင်း တစ်ထောင်ကျော်  မဟာမုနိဘုရား၊ သာယာကုန်း ရွာကျောင်း၊ မဟာမုနိကျောင်း စတဲ့နေရာတွေမှာ ယာယီခိုလှုံနေရပါတယ်။ ပေါက်တောမြို့နယ်မှာတော့ မြို့ပေါ်ရှိ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၃ မှာရော ဖဒူချောင်းနဲ့ တန်းများချောင်းတလျှောက်က မောက်ပြား၊ နတ်ရှင်၊ ငပိတက် စတဲ့ ကျေးရွာတွေမှာ ရေ၀င်ရောက်နေတယ်လို့  ဒေသခံတဦးက ပြောပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ရေကြီးတဲ့နေရာမှာ ကိုယ်တိုင်သွားရောက်ပြီး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးဖို့  သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားသလို မနေ့ တုန်းက မြို့နယ် ၃ ခုအတွက် စားနပ်ရိက္ခာအကူအညီပေးခဲ့ကြောင်း  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဒီဗွီဘီကို  ခုလိုပြောပါတယ်။ “ကျနော်တို့ပြည်နယ်အစိုရအဖွဲ့အနေနဲ့ မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားက ရေဘေးသင့် ပြည်သူတွေအတွက် ဆန်အိတ် တစ်ရာစီ ပြီးတော့ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်နဲ့ ကြက်ဥတွေ ပေးပို့ခဲ့ပါတယ်။ ပြီးတော့ ရေကြီးတဲ့ မြို့နယ်က ဘေးလွတ်ရာတိမ်းရှောင်နေတဲ့ ပြည်သူတွေကို လိုအပ်တာ သွားရောက်ကူညီဖို့ ညွှန်ကြားထားတယ်။” ရေကြီးမှုကြောင့် မနေ့တနေ့က စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်ကြား ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်ရေလျှံပြီး အသွားအလာပြတ်တောက်ခဲ့ပေမယ့် မြောက်ဦး မင်းပြားကားလမ်းအပိုင်းကလွဲလို့ ကျန်တဲ့နေရာ သွားလာနိုင်ပြီလို့ သူကဆက်ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ခုလိုမိုးတွင်းအချိန်ဆိုရင် ရေကြီးနေကျဖြစ်ကြောင်း၊ ဒီနှစ်ရေကြီးမှုရဲ့ စာရင်း အချက်အလက်တွေ၊ ပျက်စီးဆုံးရှုံးမှုစာရင်းတွေတော့  ရောက်မလာသေးဘူးလို့ ဦးတင်ေ မာင်ဆွေက ပြောသွားပါတယ်။ ဓာတ်ပုံ - ကိုကိုအောင်  

A d v e r t i s e m e n t With Us

More News
Up