Home
မြန်မာသတင်း
ချပ်သင်းဘေးမဲ့တောရှိ ရွှေသမင်များ မျိုးတုန်းပျောက်ကွယ်မည့် အခြေအနေဖြင့် ရင်ဆိုင်နေရ
DVB
·
July 6, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နဲ့ ကသာခရိုင် ကောလင်းမြို့နယ် အကြားမှာရှိတဲ့ ချပ်သင်းဘေးမဲ့တောတွင် မြန်မာ့ရွှေသမင်တွေ အမဲလိုက်မှုတွေကြောင့် မျိုးတုန်းပျောက်ကွယ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ရွှေသမင်များဟာ ရှားပါးတဲ့ တောတွင်း တိရိစ္ဆာန်များဖြစ်ကြပြီး အမဲလိုက်တဲ့ မုဆိုးတွေကြောင့် အရင်နှစ်တွေကထက် ပိုမိုနည်းပါးလာတယ်လို့ ချပ်သင်းဘေးမဲ့တောမှ တာဝန်ရှိသူ အရာရှိ တဦးက ပြောကြားပါတယ်။ “အမဲလိုက် မုဆိုးများမှာ အရင်ကလို တစ်ယောက် နှစ်ယောက်လာတာမဟုတ်ပဲ ယခုဆိုရင် အုပ်စုဖွဲ့ပြီး အမဲလိုက်လာကြတယ်။ တခါလာရင်လည်း အနည်းဆုံး ၇ ယောက်နဲ့ ၁၀ ယောက် ကြားလာတာဖြစ်ပြီး ကိုင်ဆောင်လာတဲ့ လက်နက်တွေမှာလည်း တူမီးလက်လုပ် သေနတ်တွေ ဖြစ်တဲ့အတွက် ဟန့်တားနိုင်မှုအားနည်းနေရတယ်။” ဒါ့အပြင် သစ်တောဝန်ထမ်းများဟာ လက်နက်ကိုင်ဆောင်ခွင့်မရှိတာကြောင့် ထိပ်တိုက်တွေ့တဲ့ အခါမှာ ၀န်ထမ်းများကို ပြန်လည်ပစ်ခတ်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ ၂၀၀၄-၂၀၀၅ ခုနှစ်က ချပ်သင်းဘေးမဲ့တောမှာ ရွှေသမင်အုပ်စု တအုပ်ဖြတ်သွားရင် အကောင်ရေ ၁၀၀ ကျော်မြင်တွေ့ရပေမယ့်လည်း ၂၀၀၉ ခုနှစ်နောက်ပိုင်းကစပြီး တဖြည်းဖြည်း နည်းပါးလာကာ အခုအခါ ဖြတ်သွားရင် ၁၀ ကောင်ပင်မတွေ့နိုင်တော့ကြောင်း ဘေးမဲ့တောမှ အဆိုပါ အရာရှိတဦးက ပြောကြားပါတယ်။ ချပ်သင်းဘေးမဲ့တောရဲ့ အဓိက ကျင်လည်ကျက်စားနေထိုင်တဲ့ တောရိုင်းတိရိစ္ဆာန်များမှာ မြန်မာ့ရွှေသမင်များဖြစ်ပြီး ဦးခေါင်းနဲ့ ကိုယ်အရှည်မှာ ၆၀ လက်မမှ ၇၂ လက်မ ရှိပြီး အမြီးအရှည်မှာ ၈ ဒသမ ၅ လက်မ မှ ၁၀ လက်မအထိ ရှိတယ်လို့ သိရပါတယ်။ ချပ်သင်းဘေးမဲ့တောတွင်၂၀၀၄ ခုနှစ်ဝန်းကျင်က ရွှေသမင်အကောင်ရေ ၂၀၀၀ နီးပါးရှိပြီး အခုအခါမှာတော့ ၄၀၀ နီးပါးမျှသာ ရှိတော့တဲ့အတွက် မျိုးသုန်းပျောက်ကွယ်တော့မယ့် အနေထားတဲ့ ကြုံနေရတယ်လို့ သိရပါတယ်။ ချပ်သင်းဘေးမဲ့တော ဧရိယာဟာ ၆၄၂၆၄.၄၂ ဧက ကျယ်ဝန်းပြီး စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်နဲ့ ကသာခရိုင် ကောလင်းမြို့နယ်အထိ အကျူံးဝင်ပါရှိတယ်လို့ သိရပါတယ်။ သတင်း - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024