တူရကီတွင် စစ်သုံးရဟတ်ယာဉ်တစင်း ပျက်ကျ၊ လူ ၇ ဦးသေဆုံး (ရုပ်သံ)

1.2K
တူရကီနိုင်ငံမြောက်ပိုင်း၊ ပင်လယ်နက်ဒေသအနီးမှာ ဇူလိုင် ၅ ရက်နေ့က စစ်သုံးရဟတ်ယာဉ်တစင်း ပျက်ကျခဲ့လို့ အကြီးတန်း စစ်ဘက်အရာရှိတဦး အပါအ၀င် လူ ၇ ဦး သေဆုံးခဲ့တယ်လို့ တူရကီစစ်တပ်နဲ့ နီးစပ်တဲ့ ရင်းမြစ်တခုက ပြောပါတယ်။
ဂီရေဆွန်တောင်ပေါ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဒီ လေယာဉ်မတော်တဆ ပျက်ကျမှုဟာ ရာသီဥတု ဆိုးဝါးမှုကြောင့်ဖြစ်တယ်လို့ ၀န်ကြီးချုပ် ဘီနာလီ ရီလ်ဒရင်မ်က ပြောပါတယ်။
“ဆိုးဝါးတဲ့ ရာသီဥတု အခြေအနေတွေကြောင့် ခုလို မတော်တဆမှု ဖြစ်ခဲ့တာပါ” လို့ သတင်းထောက်တွေကို ရုပ်သံမှတဆင့် ပြန်ဖြေလိုက်တာပါ။
လေယာဉ်ပေါ်မှာ အသက်ရှင်ကျန်ရစ်ခဲ့သူ ၈ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြကာ စစ်တပ်က သတင်းထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ဒိုဂန်သတင်းဌာနရဲ့ သတင်းတပုဒ်မှာတော့ လေယာဉ်ပေါ်မှာ ဗိုလ်မှူးချုပ် ၁ ဦး၊ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦးနဲ့အတူ ဆွေမျိုးသားချင်းတွေပါဝင်ပြီး မွတ်စလင်ဘာသာဝင်တွေရဲ့ ရမ်မဒမ် ၀ါထွက်ကာလဖြစ်တဲ့ အထိမ်းအမှတ်အဖြစ် သွားရောက်တွေ့ဆုံ နှုတ်ဆက်ကြဖို့ သွားချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ညနေပိုင်း ၅ နာရီခွဲလောက်မှာဖြစ်ခဲ့တဲ့ အက်စ်-၇၀ Sikorsky ရဟတ်ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ၊ အရေးပေါ်လူနာတင်ယာဉ်တွေ လာရောက်ခဲ့ကြပြီး ဒုတိယ၀န်ကြီးချုပ် နူရက်တင် ကန်နစ်ကလီလည်း လာရောက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။