ဂျူပီတာလေ့လာရေးယာဉ် ဂြိုဟ်ပတ်လမ်းထဲ အောင်အောင်မြင်မြင် ၀င်ရောက်

ဓာတ်ပုံ - အေအက်ဖ်ပီ
အမေရိကန်အာကာသအေဂျင်စီ (နာဆာ) က လွှတ်တင်လိုက်တဲ့ ဂျူပီတာ လေ့လာရေးယာဉ်ဟာ ဇူလိုင် ၄ ရက်က ဂျူပီတာဂြိုဟ် ပတ်လမ်းထဲကို အောင်အောင်မြင်မြင် ၀င်ရောက်သွားနိုင်ပြီလို့ နာဆာက ထုတ်ပြန်ပါတယ်။ ဂျူပီတာဂြိုဟ်ဟာ နေအဖွဲ့အစည်းမှာ အကြီးဆုံးဂြိုဟ်ဖြစ်ပြီး ဒီ ဂျူနိုလို့ နာမည်ပေးထားတဲ့ လေ့လာရေးဂြိုဟ်ကို လွန်ခဲ့တဲ့ ၅ နှစ်က လွှတ်တင်ခဲ့တာပါ။ ဂျူပီတာဂြိုဟ်ပတ်လမ်းထဲ ၀င်ရောက်နိုင်ဖို့ ဒုံးအင်ဂျင်တခုကိုဖွင့်ပြီး အရှိန်သတ်ခဲ့ရသလို လေ့လာရေးယာဉ်က ပေးပို့လာတဲ့ အသံနှုန်းတွေအရ အားလုံး အစီအစဉ်တကျ ၀င်ရောက်သွားနိုင်ပြီလို့ နာဆာက ဆိုပါတယ်။ ဒီ ဂျူပီတာဂြိုဟ် အတွင်းသားတည်ဆောက်ပုံတွေ၊ ဖွဲ့စည်းပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကို စူးစမ်းလေ့လာပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံခွဲက  ဒီဂြိုဟ် ဘယ်လိုဖြစ်ပေါ်လာတယ် ဆိုတာကို သိပ္ပံပညာရှင်တွေက စိတ်ဝင်စားနေကြတာပါ။ ဂျူပီတာဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်ထက် ၁၁ ဆ ပိုကျယ်ဝန်းပြီး ဆွဲငင်အားကလည်း တခြားဂြိုဟ်တွေ အားလုံပေါင်းထက်ကို ၂ ဆခွဲ ပိုများပါတယ်။ ဒါကြောင့် ကမ္ဘာမြေပေါ် ကျရောက်လာနိုင်တဲ့ အာကာသထဲက ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ၊ ကြယ်တံခွန်တွေကို ဂျူပီတာဂြိုဟ်က လှမ်းဆွဲထားပြီး ကမ္ဘာဂြိုဟ်ကို အကာအကွယ် ပေးနေတာလို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up