ဆော်ဒီဗုံးကွဲ လုံခြုံရေး ၀န်ထမ်း ၄ ဦးသေ (ရုပ်သံ)

1.1K
ဆော်ဒီနိုင်ငံ မာဒီနာက အစ္စလာမ်ဘာသာတွေ အထွဋ်အမြတ်ထားရာနေရာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဇူလိုင် ၄ ရက်က Prophet ဗလီ အပြင်ဖက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လုံခြုံရေး အရာရှိ ၄ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိတယ်လို့ ဆော်ဒီပြည်ထဲရေး ၀န်ကြီးဌာနကို ကိုးကားပြီး သတင်းတွေမှာ ရေးပါတယ်။
ဖြစ်ပွားခဲ့တဲ့ ဗလီဟာ တမန်တော် မိုဟာမက်ကို မြုပ်နှံထားတဲ့နေရာ ဖြစ်ပြီး မာဒီနာဟာ မက္ကာပြီးရင် အစ္စလာမ်တို့ အတွက် ဒုတိယ အမြင့်မြတ်ဆုံး မြို့တော်တခု ဖြစ်ပါတယ်။
ပေါက်ကွဲတဲ့အသံဟာ ဥပုသ်ချိန် ပြီးဆုံးလို့ အမြောက်ဖောက်တဲ့ အသံလို့ ထင်မိသလို ပေါက်ကွဲချိန်မှာ မြေပြင်တခုလုံး တုန်လှုပ်သွားတယ်လို့ ပေါက်ကွဲချိန် ဗလီအတွင်း ရောက်ရှိနေတဲ့ မျက်မြင်ကို ကိုးကားပြီး အေပီသတင်းက ရေးပါတယ်။
ဘယ်သူတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ သတင်းတွေမှာ ရေးသားထားခြင်း မရှိပါဘူး။
နှစ်စဉ် ကမ္ဘာတ၀န်းက သန်းနဲ့ချီတဲ့ မွတ်စလင် ဘုရားဖူးတွေက ၇ ရာစုမှာ မိုဟာမက် တည်ထောင် ထားတဲ့ ဒီဗလီကို လာရောက်လည်ပတ်ကြပါတယ်။
အစောပိုင်းမှာလည်း ရှီးရား မွတ်စလင်တွေ အများစုနေထိုင်တဲ့ ကွာတစ် ခရိုင်က ဗလီတခုမှာ အသေခံ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။