ကလေးများ ရန်လိုစစ်သွေးကြွမှုမှ ရှောင်ရှားနိုင်ရေး စောင့်ကြည့်ကြရန် ဘင်္ဂလားဒေ့ရှ်ရဲချုပ် ဆော်သြ

ဓာတ်ပုံ - ရိုက်တာ
1K
ဘင်္ဂလားဒေ့ရှ်ရဲချုပ်က ဒေသခံ မိသားစုတွေအနေနဲ့ သူတို့ကလေးတွေ ရန်လို စစ်သွေးကြွမှုကနေ ရှောင်ရှားနိုင်ရေး ကလေးတွေရဲ့ အမူအကျင့်တွေကို စောင့်ကြည့်ကြဖို့ ဇူလိုင် ၄ ရက်က ဆော်သြလိုက်ပါတယ်။
လူအယောက် ၂၀ သေခဲ့ရတဲ့ မြို့တော် ဒါကာက စားသောက်ဆိုင် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် အောက်မေ့ပွဲအတွင်း ခုလို ပြောလိုက်တာပါ။
မိဘတွေ၊ အုပ်ထိန်းသူတွေဟာ လူငယ် ယောက်ျားလေးတွေရဲ့ စစ်သွေးကြွဖြစ်ရေး စိတ်ဝင်စားမှုရှိမရှိ စောင့်ကြည့်ကြဖို့ တောင်းဆိုတယ်၊ ဒါမှ စစ်သွေးကြွအုပ်စုတွေရဲ့ ထောင်ချောက်ထဲကို ယောက်ျားလေးတွေ မကျရောက်မှာ ဖြစ်တယ်၊ စစ်သွေးကြွအုပ်စုတွေက ကလေးတွေကို ဦးနှောက်ဆေးလိမ့်မယ်၊ မိသားစုတိုင်းက ဒါကို ဂရုစိုက်ရလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲချုပ် အေကေအမ် ရှာဟစ်ဒူဟက်က ဒါကာမြို့တော်မှာ ပြောလိုက်တာပါ။
ဘင်္ဂလားဒေ့ရှ်ရဲတွေက ဒါကာစားသောက်ဆိုင် တိုက်ခိုက်မှုမှာ ပါတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ နာမည်ကို အတည်ပြုဖို့ ကြိုးစားနေပါတယ်။
လူမှုကွန်ရက်ပေါ်က သူငယ်ချင်းတွေရဲ့ ဖော်ထုတ်မှုတချို့ကို မှန်မမှန် စစ်ဆေးရာမှာ မှန်နေတာ တွေ့ရတယ်လို့လည်း အရာရှိတွေက ပြောပါတယ်။
ဒါကာမြို့ သံတမန်ရပ်ကွက် သတ်ဖြတ်မှုမှာ ပါတယ်ဆိုတဲ့ တိုက်ခိုက်ရေးသမား ၅ ဦးရဲ့ပုံတွေကို အိုင်အက်စ်တွေက အင်တာနက်ပေါ် တင်ခဲ့ကြတာပါ။
စုံစမ်းစစ်ဆေးမှုဟာ ကနဦးအဆင့်မှာပဲ ရှိသေးပြီး စုံစမ်းစစ်ဆေးမှု ပြီးဆုံးတဲ့တိုင်အောင် သူတို့နဲ့ပတ်သက်ပြီး ဘာမှ မပြောနိုင်သေးဘူး၊ ကျနော်တို့က အသေးစိတ်အားလုံးကို အသိပေးမှာပါလို့ ရဲချုပ်က မီဒီယာကို ပြောပါတယ်။
သူတို့ ၅ ဦးထဲက ၃ ဦးရဲ့ နာမည်တွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဖော်ထုတ်ခဲ့ပြီးပါပြီ။
ဘယ်မိသားစုကမှ ရဲတွေကို ဆက်သွယ်မလာသေးပေမယ့် ရဲတွေကတော့ မိသားစုတွေကို ဆက်သွယ်မယ်လို့လည်း ရဲချုပ်က ပြောပါတယ်။
တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ သေနတ်သမား ၆ ဦးလုံးက ဒေသခံတွေဖြစ်ပြီး ၅ ဦးက အစိုးရရဲ့ စစ်သွေးကြွ စောင့်ကြည့်စာရင်းထဲမှာ ပါနေတယ်လို့ ရဲတွေက ပြောပါတယ်။
လူဦးရေ သန်း ၁၆၀ ရှိပြီး မွတ်စလင်လူများစုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အစ္စလာမ္မစ် အုပ်ချုပ်ရေးကို တောင်းဆိုနေတဲ့ စစ်သွေးကြွတွေရဲ့ ရက်စက်မှု တိုးလာတာကို ဇူလိုင် ၁ ရက်နေ့ တိုက်ခိုက်မှုက ပြသနေပါတယ်။
တိုက်ခိုက်ခဲ့တဲ့ တချို့ ယောက်ျားလေးတွေဟာ ဒါကာမြို့တော်က ရေပေါ်ဆီ ကျောင်းတွေမှာ ပညာသင်ဖူးပြီး မလေးရှားမြို့တော် ကွာလာလမ်ပူက တက္ကသိုလ်တွေကို တက်ခဲ့ဖူးတယ်လို့ လူမှုကွန်ရက်ပေါ်က သတင်းစကားတွေက ဆိုပါတယ်။