ရန်ကုန်တက္ကသိုလ် သမိုင်းဘာသာရပ်ဝင်ခွင့် အင်္ဂလိပ်စာအမှတ်ကို ယခုနှစ် လျှော့ပေးထား

ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းဘာသာရပ်မှာ ၂၀၁၅-၁၆ ပညာသင်နှစ်အတွက် သမိုင်း ကျောင်းသား မရှိခဲ့တာပါ။ အဲဒီလို မရှိခဲ့တဲ့ အကြောင်းတွေထဲက တခုကတော့ အင်္ဂလိပ်စာ အမှတ်မြင့်တာလည်း ပါဝင်ပြီး ဒီနှစ်မှာတော့ ဝင်ခွင့်အတွက် အင်္ဂလိပ်စာအမှတ်ကို လျှော့ပေးထားတယ်လို့ ပါမောက္ခ ဌာနမှူးက ပြောပါတယ်။
“အင်္ဂလိပ်စာအမှတ်ကို ဘာကြောင့် သတ်မှတ်ရတာလဲဆိုတော့ ဆရာမတို့ ဝိဇ္ဇာဘာသာရပ်မှာ အင်္ဂလိပ်လို အများကြီး ဖတ်ရတယ်။ ဒါ ရမှ ဘာညာတော့ မဟုတ်ဘူး။ ဒါပေမယ့် လက်ရှိ စာသင်နေတဲ့ အခြေအနေ၊ လက်ရှိကျောင်းရဲ့ အခြေအနေအရ လိုအပ်တယ် ထင်ပြီးတော့”လို့ သမိုင်းဌာန ပါမောက္ခဌာနမှူး ဒေါက်တာ မာဂရက်ဝေါင်းက ပြောပါတယ်။
ပြီးတော့ “ဖြစ်ချင်တော့ မနှစ်က ကလေးတွေက လျှောက်တယ်။ လျှောက်ပြီးတော့မှ တခြား မေဂျာကို ပြောင်းသွားတာပေါ့။ ဒါကတော့ ဒီလိုပဲ ဖြစ်ကြတယ်။ သမိုင်းတခုတည်း မဟုတ်ပါဘူး။ ဖြစ်ကြပါတယ်။ တိုက်ဆိုင်မှုကြောင့် ကျောင်းသားမရလိုက်ဘူးပေါ့နော်”လို့လည်း သူက ပြောပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ ဘာသာရပ်တခုချင်းစီမှာကျောင်းသား ၅၀ ဝန်းကျင် ခေါ်ယူတာဖြစ်ပါတယ်။ သမိုင်းဘာသာရပ်အတွက် အင်္ဂလိပ်စာ အမှတ် ကို ၆၅ မှတ် ၀န်းကျင်သတ်မှတ်ထားတာပါ။ ဒါပေမယ့် ဒီနေ့ခေတ်ကျောင်းသားတချို့ကတော့ လက်တွေ အသုံးချလို့ရတဲ့ ဘာသာရပ်တွေကို ပိုပြီး စိတ်ဝင်စားတာကို တွေ့ရပါတယ်။
“နိုင်ငံတကာဆက်ဆံရေးဘာသာက နိုင်ငံတကာနဲ့ အခု လတ်တလောဖြစ်နေတဲ့ နိုင်ငံရေး အကြောင်းက စိတ်ဝင်စားစရာ ကောင်းတယ် ထင်လို့ပါ”လို့ တတိယနှစ် နိုင်ငံတကာ ဆက်ဆံရေး ကျောင်းသူ မကျော့ရှင်းသန့်က ပြောပါတယ်။
တတိယနှစ် ရှေးဟောင်းသုတေသနပညာကျောင်းသား ကိုကျော်ဇေယျာထွန်းကလည်း “ရှေးဟောင်းသုတေသနက ကျနော်အထင် သမိုင်းထက်ပိုပြီး ယုံကြည်ရမယ်လို့ ထင်တယ်။ ပို လက်တွေ့ကျတာမို့ ရှေးဟောင်းသုတေသနကို ရွေးချယ်ခဲ့တာပါ”လို့ ဆိုပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာရပ်အတွက် သင်ကြားမှုတွေကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ စခေါ်ယူတုန်းက အယောက် ၅၀ ရှိခဲ့ပြီး နောက်နှစ်မှာ ၁၇ ယောက် အထိ လျော့ကျခဲ့သွားတာပါ။
“တနှစ်စာ ပျောက်သွားတာက မျိုးဆက်တခု ပျောက်သွားတဲ့ သဘောပေါ့။ ဒါနဲ့ ပတ်သက်ပြီး ဝမ်းနည်းတယ်။ ဒါပေမယ့် သူတို့ စိတ်မဝင်စားလို့ မတက်တာကိုတော့ အပြစ်မပြောလိုပါဘူး”လို့ သမိုင်း ဒုတိယနှစ်ကျောင်းသား ကိုနိုင်အောင်က ပြောပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်ပြီးသူတွေ အနေနဲ့ ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေမှာ ဖွင့်လှစ်တဲ့ ဘာသာရပ်တွေကို သီးခြားလျှောက်ထားပြီး တက်ရောက်နိုင်တာပါ။ အဲဒီမှာ ကျောင်းသားဦးရေကို ကန့်သတ်ထားသလို အမှတ်ကလည်း တခြား ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တွေထက် မြှင့်ထားတာလည်း ဖြစ်ပါတယ်။