တရုတ်သမ္မတဟောင်း၏ အနီးကပ် အကြံပေးတဦးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်

ဓာတ်ပုံ - ရိုက်တာ
တရုတ်သမ္မတဟောင်း ဟူကျင်တောင်ရဲ့ အနီးကပ် အကြံပေးတဦးကို လာဘ်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ ဇူလိုင် ၄ ရက်နေ့က ထောင်ဒဏ်တသက်တကျွန်း ချလိုက်ပါတယ်။ သမ္မတရဲ့ အကြံပေး လင်းဂျီဟွာ (Ling Jihua) ရဲ့ အဂတိလိုက်စားမှုတွေဟာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ ပုံရိပ်ကို ထိခိုက်တယ်ဆိုပြီး ပါတီက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက စတင်စစ်ဆေးခဲ့တာပါ။ သူ့ရဲ့သားတဦး ဇိမ်ခံကားတိုက်မှုကြောင့် သေဆုံးခဲ့ပြီး လပိုင်းအကြာမှာ လင်းဂျီဟွာကို ရာထူးက ချခဲ့တာပါ။ အခုနောက်ဆုံး တရားရုံးကြားနာမှုတွေကို ဇွန်လ ၇ ရက်နေ့က နိုင်ငံအရှေ့ပိုင်း တီယန့်ဂျင်မြို့ တရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ လင်းဟာ သူ့အပေါ်စွဲတဲ့ အမှုတွေကို လက်ခံပြီး ချေပခုခံတာတွေလည်း မလုပ်ခဲ့ဘူးလို့ အစိုးပိုင် ဆင်ဟွာသတင်းက ဆိုပါတယ်။ တရားရုံးဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လင်းကိုယ်တိုင်ရဲ့ တုံ့ပြန်ပြောဆိုမှုလည်း မရရှိခဲ့သလို သူ့ရဲ့ရှေ့နေက ဘယ်သူဖြစ်တယ်၊ ဘယ်သူက ငှားရမ်းပေးတယ် ဆိုတာတွေလည်း အသေအချာ မသိရပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up