ကသာမြို့နယ်တွင် ကျပ်သိန်း ၂၀၀ ခန့် မူးယစ်ဆေးဝါးများ ဖမ်းမိ
ထွန်းထွန်းသိန်း
·
July 5, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ အနောက်ဘက် ကသာအင်းတော်သွား ကားလမ်း လမ်းခွကျေးရွာအနီး မောင်းတံဂိတ်မှာ ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်း အချိန်က ငွေ သိန်း ၂၀၀ ကျပ်နီးပါးခန့် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး မူးယစ်တပ်စု ၆ ကသာမှ ရဲမှူးရန်နိုင်ထွန်း ဦးစီးပြီး တပ်ကြပ်ကြီး ခင်မောင်လတ်၊ တပ်ကြပ်ကြီး ခင်မောင်စိုးတို့ ပါဝင်သော အဖွဲ့ဟာ ကသာ အင်းတော်သွား ကားလမ်း လမ်းခွ မောင်းတံဂိတ်ကို ဖြတ်သန်း သွားလာနေတဲ့ ဆိုင်ကယ်တွေကို ရပ်တန့်ရှာဖွေရာက ဖမ်းဆီးရမိခဲ့တာလို့ ပြောပါတယ်။
ကသာမြို့အရှေ့ဘက် ထောင့်တလီကျေးရွာမှာ နေထိုင်တဲ့ ဇော်နိုင်(ခ) ပိုင်ပိုင် အသက် ၂၂ နှစ် စီးနင်းလာတဲ့ ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေရာ ရောင်စုံဆပ်ပြာခွက် ၁၁ ခွက် အလေးချိန် ၁၁၆ ဂရန်နဲ့ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၈၅၈ ပြား စုစုပေါင်း ကာလတန်ဘိုး ငွေကျပ် သိန်း ၁၇၁၇၄၀၀ ကျပ် နီးပါးခန့် ဖမ်းဆီး ရမိခဲ့တာပါ။
အစိုးရသစ်ရဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ကာကွယ်ရေး ရက်(၁၀၀) စီမံချက် အတွင်းမှာ ဖမ်းဆီးရမိမှု များလာနေ တာလဲ ဖြစ်ပါတယ်။
ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားများ လက်ဝယ်ထားရှိ သယ်ဆောင် / ရောင်း / ဝယ် သူ ထောင့်တလီ ကျေးရွာနေ ဇော်နိုင်(ခ) ပိုင်ပိုင်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေ တတ်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/ ၃၀ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ကသာမြို့မ ရဲစခန်း မှ သိရပါတယ်။
သတင်း - သီဟဆွေ (ကသာ)