၂၂ ဘီး ဆီသယ်ယာဉ် လမ်းဘေးသစ်ပင် ၀င်တိုက်

ပဲခူးတိုင်ဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ မြောက်ဘက် ၃ ဖာလုံအကွာ ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် ၁၂၈/၀ နဲ့ ၁၂၈/၁ အကြားမှာ ၂၂ ဘီး ဆီသယ် ဘောက်ဆာယာဉ်ဟာ လမ်းဘေးသစ်ပင်ကို တိုက်ပြီး တိမ်းမှောက်ခဲ့ပါတယ်။
ဇူလိုင် ၄ ရက်နေ့ မနက် ၅ နာရီလောက်က ရန်ကုန်ဘက်ကနေ မန္တလေးဘက်သို့ မောင်းနှင်လာတဲ့ နစ်ဆန်း ဒီဇယ်လ်(NISSAN DIESEL) အမျိုးအစား ၂၂ ဘီး ဆီသယ်ဘောက်ဆာကားဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် ၁၂၈/၀ နဲ့ ၁၂၈/၁ အကြားမှာ အချိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးသစ်ပင်ကို တိုက်မိပြီး တိမ်းမှောက်ခဲ့ပါတယ်။
“လမ်းဘေးကို ထိုးကျပြီး သစ်ပင်ကို ဝင်တိုက်ကာ မှောက်သွားတာ။ ဆီတွေလည်း ပါတယ်။ မီးမလောင် လူမသေတာ တော်သေးတယ်။ မီးသတ်ကားတွေလည်း ရောက်လာတော့ တော်သေးတာပေါ့။ မီးသတ်ကားကတော့ အဆင်သင့်ပြင်ထားတာပေါ့”လို့ မြို့ခံတဦးက ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် လူ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
ယာဉ်တိုက်မှုအတွက် တာကျွဲအင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက လားရှိုးမြို့နေသူ ယာဉ်မောင်း ဦးသန်းစိုးကို ယာဉ်(ပ) ၉ /၂၀၁၆ ရာဇသတ်ကြီးပုဒ်မ -၂၇၉ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)