ဝမ်းတွင်းမြို့နယ်တွင် ကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု များပြား
DVB
·
July 4, 2016
မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် ဆူပန်းကျေးရွာမှာ ကလေး ၇ ဦးထံကနေ သွေးလွန်တုတ်ကွေးရောဂါ တွေ့ရှိတဲ့အတွက် သံသယရှိတဲ့ ကလေး ၂၂ ဦးကို ဆေးစစ်ပြီး စောင့်ကြည့်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဇူလိုင် ၃ ရက်နေ့က ဝမ်းတွင်းမြို့နယ် ဆူပန်းကျေးရွာမှာ ကလေး ၇ ဦး သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားခဲ့တဲ့အတွက် ၀မ်းတွင်းမြို့ ပြည်သူ့ဆေးရုံနဲ့ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံတွေမှာ တက်ရောက် ကုသနေတယ်လို့ သိရပါတယ်။
ဝမ်းတွင်းမြို့ ပြည်သူ့ဆေးရုံမှာ ကလေးငယ် ၄ ဦးနဲ့ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံမှာ ကလေးငယ် ၃ ဦး တက်ရောက်ဆေးကုခံယူနေရပါတယ်။ ဒါ့အပြင် သံသယရှိတဲ့ ကလေး ၂၂ ဦးကိုလည်း ဆေးစစ်ထားပြီး စောင့်ကြည့်အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။
သွေးလွန်တုတ်ကွေးရောဂါကြောင့် သေဆုံးမှုမရှိဘဲ ဆေးရုံတက်ရောက် ကုသနေတဲ့ ကလေး ၇ ဦးလည်း သက်သာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာနေ ဒေသခံတွေကတော့ ရွာထဲမှာရေဝပ်နေတဲ့ ဗွက်အိုင်တွေကြောင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားရတာလို့ ဆိုပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)