တရုတ်မြောက်ပိုင်းတွင် ကျောက်မီးသွေးတွင်း ရေလွှမ်းမိုးပြီး တွင်းလုပ်သား ၁၂ ဦး ပိတ်မိ

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းရှီးပြည်နယ်က ကျောက်မီးသွေးတွင်းတခု ဇူလိုင် ၂ ရက်နေ့က ရေလွှမ်းခဲ့ပြီးတဲ့နောက် တွင်းသား ၁၂ ဦး ပိတ်မိနေပြီး ၄ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းမှာ မြေအောက်ဓာတ်ငွေ့တွေကြောင့် အောက်စီဂျင် မလုံလောက်တာ ခံစားရတယ်လို့ ပိတ်မိတွင်းသားတွေက ဖုန်းနဲ့ပြောပါတယ်။
သူတို့ ပိုလွယ်လွယ် အသက်ရှူနိုင်အောင် ကူညီဖို့ ကယ်ဆယ်ရေးသမားတွေက တွင်းထဲကို လေပံ့ပိုးမှု ပိုလုပ်ပေးနိုင်ခဲ့ပါတယ်။
ကယ်ဆယ်ရေး စီမံချက်အတွင်း ရေ ကုဗမီတာ ၁ သောင်း ၂ ထောင်ကနေ ၁ သောင်းခွဲထိ အရင်ဖောက်ထုတ်ပစ်ဖို့ ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။
ကယ်ဆယ်ရေးသမားတွေကတော့ မြေပေါ်မြေအောက် ၂ ဘက်လုံးမှာ ပိုက်တွေကို တပ်ဆင်ပြီးပါပြီ။
ပြည်နယ်အကြီးအကဲတွေက အခင်းဖြစ်ရာကို ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို စောင့်ကြည့်နေပါတယ်။
ရှန်းရှီးပြည်နယ် ပါတီအတွင်းရေးမှူး လျိုဟွေနင်းက ပိတ်မိတွင်းသားတွေနဲ့ ဆက်သွယ်ကာ တည်တည်ငြိမ်ငြိမ်နေပြီး လက်မလျှော့ဖို့ ပြောခဲ့ပါတယ်။
နောက်ထပ် မတော်တဆမှုတွေ ထပ်မဖြစ်အောင် တားဖို့ လုံခြုံရေးစစ်ဆေးမှုတွေ တိုးလုပ်ရေး ပြည်နယ်အကြီးအကဲတွေက အရေးပေါ် အစည်းအဝေးအတွင်းမှာ သဘောတူခဲ့ကြတယ်လို့ စီစီတီဗွီရုပ်သံက အစီရင်ခံပါတယ်။