ချင်းတွင်းမြစ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်နေ

3.6K
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေဟာ ၂ ရက်အတွင်း ၃ ပေခန့်မြင့်တက်ခဲ့ပြီး ဆက်လက်မြင့်တက်နေပါတယ်။
ဇူလိုင်လ ၃ ရက်နေ့က ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့မှာ မိုးရေချိန် ၇.၄၈ လက္မရွာသွန်းခဲ့ပြီး ဟုမ္မလင်းမြို့တွင် ၄.၃၃ လက္မရွာသွန်းခဲ့ကာ အခြားဒေသတွေမှာလည်းရွာသွန်းခဲ့တာကြောင့် ချင်းတွင်းမြစ်အောက်ပိုင်းရှိမြို့တွေမှာ မြစ်ရေမြင့်တက်မှုတွေဖြစ်ပေါ်နေပါတယ်။
ဇူလိုင်လ ၄ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်များအရ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ ၁၁၂၉စင်တင်မီတာ (၁၃၆၀စိုးရိမ်မှတ်)၊ ဟုမ္မလင်းမြို့မှာ ၂၈၁၂ စင်တီမီတာ (၂၉၀၀ စင်တီမီတာစိုးရိမ်မှတ်)၊ ဖောင်းပြင်မြို့မှာ ၁၁၆၅ စင်တီမီတာ (၁၃၂၅ စင်တီမီတာ)၊ မော်လိုက်မြို့မှာ ၁၀၁၂ စင်တီမီတာ (၁၂၃၀ စင်တီမီတာ )၊ ကလေးဝမြို့မှာ ၁၂၃၇ စင်တီမီတာ (၁၅၅၀ စင်တီမီတာ)၊ မင်းကင်းမြို့မှာ ၁၀၈၈ စင်တီမီတာ (၁၃၅၀ စင်တီမီတာ)၊ ကနီမြို့မှာ ၈၉၈ စင်တီမီတာ (၁၁၃၀ စင်တီမီတာ)၊ မုံရွာမြို့မှာ ၇၅၂ စင်တီမီတာ (၁၀၀၀ စင်တီမီတာ)ထိ ရောက်ရှိနေပါတယ်။ ကလေးဝမြို့ရှိ မြစ်သာမြစ်ရေဟာ ၁၂၂၇ စင်တီမီတာ ထိရောက်ရှိနေပါတယ်။
အခုလို မြစ်ရေမြင့်တက်မှုဟာ နှစ်စဉ်ဖြစ်လေ့ဖြစ်ထရှိပြီး ချင်းတွင်းမြစ်အထက်ပိုင်းမှာ မိုးဆက်လက်ရွာသွန်းနေပါက ဆက်လက်မြင့်တက်လာနိုင်တယ်လို့ တိုင်းမိုးဇလဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းလှိုင်က ပြောပါတယ်။
မုံရွာမြို့မှာ ချင်းတွင်းမြစ်ရေက ၁၀ နှစ်အတွင်း ဇူလိုင်လမှာ ၂၀၁၅ ခုနှစ်က အများဆုံး ၁၀၄၈ စင်တီမီတာ ထိရောက်ခဲ့ပါတယ်။ ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြောင်းသွား ရေယာဉ်များအနေဖြင့် ဂရုတစိုက်သွားလာကြဖို့ကိုလည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာဖော်ပြထားပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်ကိုလတ်