ဇနီးဖြစ်သူကို ထမ်းပိုးသယ်ဆောင်ပြေးရသည့် ပြိုင်ပွဲ (ရုပ်သံ)

1.3K
၂၀၁၆ ခုနှစ်၊ စုံတွဲတွေရဲ့ ဇနီးမယား ထမ်းပိုးသယ်ဆောင်ရတဲ့ ချန်ပီယံပြိုင်ပွဲကို ဖင်လန်နိုင်ငံ၊ ဆွန်းကရာဗီမြို့မှာ ဇူလိုင် ၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီပြိုင်ပွဲကို ဂျပန်၊ အမေရိကန်၊ ရုရှား စတဲ့ ကမ္ဘာတလွှား နိုင်ငံတွေက စုံတွဲပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ပါဝင်ယှဉ်ပြိုင်ကြမယ့် စုံတွဲတွေအနေနဲ့ ကြံ့ခိုင်မှုရှိဖို့လိုအပ်ပြီး အကွာအဝေး ၂၅၀ မီတာကို ထမ်းပိုးပြေးကာ ယှဉ်ပြိုင်ရတာပါ။
ပြိုင်ပွဲရဲ့ စည်းမျဉ်းအရ အမျိုးသားတဦးဟာ သူ့ရဲ့ဇနီးဖြစ်သူ ဒါမှမဟုတ် တခြား အမျိုးသမီးအတွဲနဲ့အတူ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ကာ အဆိုပါအမျိုးသမီးက အသက် ၁၇ နှစ် အနည်းဆုံးရှိရမယ်လို့ ဆိုပါတယ်။
ဇနီးမယားရဲ့ အနိမ့်ဆုံး ကိုယ်အလေးချိန်ဟာ ၄၉ ကီလိုဂရမ် ရှိရမှာဖြစ်ကာ သူ့ကို နောက်ကျောပေါ်မှာ သိုင်းကြိုးနဲ့ချီပြီး သယ်ဆောင်ပြေးရမှာ ဖြစ်ပါတယ်။
ပြေးလမ်းတလျှောက် ခြောက်သွေ့ကြမ်းတမ်းတဲ့ မြေပြင်ပြေးလမ်းအဆင့် ၂ ဆင့်နဲ့ ၁ မီတာအနက်ရှိတဲ့ ရေထဲကပြေးရတဲ့ အဆင့်တဆင့် ပါဝင်တာပါ။
ပြိုင်ပွဲမှာ ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိတဲ့ စုံတွဲက အနိုင်ရရှိမှာဖြစ်ပြီး တခြားဆုတွေအနေနဲ့ ဖျော်ဖြေမှု အကောင်းဆုံးဆု၊ ၀တ်စားဆင်ဆင်မှု အကောင်းဆုံးဆုနဲ့ ကြံ့ခိုင်မှု အကောင်းဆုံးဆုတွေလည်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီပြိုင်ပွဲကို ဖင်လန်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျဖြစ်ပြီး ပြိုင်ပွဲရဲ့ တရားဝင် အင်တာနက် စာမျက်နှာပေါ်မှာလည်း သင့်အနေနဲ့ ချန်ပီယံ ဘယ်လိုဖြစ်နိုင်မလဲဆိုတာကို ကဏ္ဍတခုနဲ့ ဖော်ပြထားတာပါ။
စိတ်နေသဘောထား၊ သယ်ဆောင်မှုပုံစံ၊ ၀တ်စားဆင်ယင်မှုတွေဟာလည်း ပြိုင်ပွဲမှာ ချန်ပီယံဖြစ်စေဖို့ လိုအပ်တာတွေပါပဲ။
ဇနီးမယားကို ထမ်းပိုးတဲ့ပုံစံတွေကတော့ ကျောပေါ်ခွစီးစေတာ၊ ပုခုံးပေါ်က ဇောက်ထိုးဆွဲ ထမ်းပိုးတာ၊ ပုခုံးပေါ် ထမ်းပိုးတာလို ပုံစံတွေရှိနိုင်ပြီး ဘယ်လိုပုံစံမဆို လွတ်လပ်စွာ ထမ်းပိုးယှဉ်ပြိုင်နိုင်တယ်လို့ ဖော်ပြထားတာပါ။
ဇနီးမယားထမ်းပိုး ချန်ပီယံပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ နေ့စဉ်လှုပ်ရှားမှုတွေကနေ လေ့ကျင့်ထားနိုင်ပါတယ်။
ရေချိုးခန်းထဲမှာ၊ ဈေးဝယ်စင်တာထဲမှာ၊ ကစားကွင်းထဲမှာ၊ ကာယလေ့ကျင့်ရေးစင်တာမှာ စတဲ့နေရာတွေမှာ လေ့ကျင့်ထားနိုင်ပြီး ဒီပြိုင်ပွဲဟာ သင်တို့ကြားက ပတ်သက်ဆက်နွယ်မှုကို ကောင်းမွန်စေမှာပါ။