ဆော်ဒီအာရေဗျရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအနီး ဗုံးပေါက်ကွဲ၊ ဗုံးခွဲသူ သေဆုံး

ဓာတ်ပုံ - အယ်လ်ဂျာဇီးယား
686
ဆော်ဒီအာရေဗျနိုင်ငံရဲ့ ဒုတိယမြို့တော် ဂျဲ့ဒါက အမေရိကန် ကောင်စစ်ဝန်ရုံးနားမှာ ဇူလိုင် ၄ ရက် မနက်က ပေါက်ကွဲမှုကြောင့် အသေခံဗုံးခွဲသူ သေဆုံးပြီး တခြားလူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရရုပ်သံက ကြေညာပါတယ်။
ဒါဟာ နိုင်ငံအတွင်း နိုင်ငံခြားသားတွေကို ပစ်မှတ်ထားဖို့ ကြိုးစားတဲ့ ပထမဆုံး ဗုံးခွဲမှုပါ။
ဒေသစံတော်ချိန် မနက် ၂ နာရီကျော်လောက်မှာ အသေခံတိုက်ခိုက်သူက ကောင်စစ်ဝန်ရုံးအနီးရှိ ဆေးရုံအပြင်မှာ ကားကိုရပ်ပြီး ဖောက်ခွဲခဲ့လို့ သူကိုယ်တိုင် သေဆုံးပြီး အနီးက လုံခြုံရေးအစောင့် ၂ ဦး ဒဏ်ရာအနည်းငယ် ရသွားတယ်လို့ လုံခြုံရေး ပြောခွင့်ရက ပြောပါတယ်။
အဲဒီနောက် ရဲတွေက အခင်းဖြစ် နေရာနားက ထိန်းချုပ် ဖောက်ခွဲရေးပစ္စည်း ဖြစ်ပုံရတဲ့ ဗုံးတွေကို ဖောက်ခွဲခဲ့လို့ ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ခဲ့ကြောင်း မျက်မြင်သက်သေတဦးက ပြောပါတယ်။
အသေးစိတ် အချက်အလက်တွေအတွက် အရာရှိတွေဆီကို ဆက်သွယ်လို့ မရသေးပါဘူး။
အခင်းဖြစ်တဲ့နေရာကို လုံခြုံရေးတပ်တွေက ပိတ်ထားလိုက်ပြီး ရဟတ်ယာဉ်တွေ ကောင်းကင်မှာ ပျံဝဲနေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေဟာ ၂၀၁၄ နှစ်လယ်ပိုင်းက စပြီး ဆော်ဒီအာရေဗျနိုင်ငံအတွင်းက ရှီးယိုက် မွတ်စလင်တွေနဲ့ လုံခြုံရေးတပ်တွေကို ပစ်ခတ် တိုက်ခိုက်မှုတွေ၊ ဗုံးခွဲတာတွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်က အယ်လ်ကိုင်းဒါးတွေဟာ ဆော်ဒီအာရေဗျနိုင်ငံတွင်းက အနောက်နိုင်ငံသားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ ရာနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပါတယ်။
၂၀၀၄ ခုနှစ်က ဂျဲ့ဒါမြို့ အမေရိကန် ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။