Home
မေးမြန်းခန်း
ငြိမ်း​ချမ်း​စွာ​နေထိုင်လိုသူတိုင်း​ဟာ ညီညွတ်ဖို့​ လိုတယ် (​ရွှေညဝါဆရာ​တော်နှင့်​ ​မေး​မြန်း​ချက်)
အေးနိုင်
·
September 21, 2011
ငြိမ်း​ချမ်း​စွာ​နေထိုင်လိုသူတိုင်း​ဟာ ညီညွတ်ဖို့​ လိုတယ်လို့​ ထင်ရှား​တဲ့​ တရား​ဟောဆရာ​တော် တပါး​ဖြစ်တဲ့​ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟက မိန့်​ကြား​လိုက်ပါတယ်။ အစိုး​ရသစ်လက်ထက်မှာ လွှတ်​တော်တွင်း​မှာ​ရော၊​ လွှတ်​တော်ပြင်ပမှာပါ ငြိမ်း​ချမ်း​ရေး​အ​ရေး​ကြီး​တဲ့​အ​ကြောင်း​ ကျယ်ကျယ်​လောင်​လောင် ထွက်​ပေါ်လာချိန်မှာ မြန်မာပြည်ငြိမ်း​ချမ်း​ဖို့​အတွက် ဆရာ​တော်က တိုက်တွန်း​ဟောကြား​လိုက်တာ ဖြစ်ပါတယ်။ နှစ် ၆၀ ​ကျော်ကြာ ပြည်တွင်း​စစ်မီး​ ငြိမ်း​အေး​ဖို့​ ရည်ရွယ်တဲ့​ ဆရာ​တော်ရဲ့​ ငြိမ်း​ချမ်း​ရေး​တရား​တော်ကို ဒီ​နေ့​ကျ​ရောက်တဲ့​ အပြည်ပြည်ဆိုင်ရာ ငြိမ်း​ချမ်း​ရေး​နေ့​မှာ ​မေး​မြန်း​လျှောက်ကြား​ထား​ပါတယ်။ တကယ်လို့​ တရား​ဟောခွင့်​ရရှိမယ်ဆိုရင် ဘာ​တွေ​ဟော​ပြောဖို့​ ပြင်ဆင်ထား​ပါလဲဘုရား​။ “ငြိမ်း​ချမ်း​ရေး​တရား​တော်နဲ့​ ရန်မဖြစ်ကြပါနဲ့​တရား​တော် ​ဟောဖို့​ပါ။ ဘယ်သူ့​ ဘယ်ဝါ၊​ ဘယ်အဖွဲ့​အစည်း​ ပုဂ္ဂိုလ်ကိုမှ မထိခိုက်၊​ မနစ်နာ၊​ မပုတ်ခတ်ဘဲနဲ့​ ကိုယ့်​မြန်မာပြည်ကြီး​ ​ဘေး​ကင်း​လုံခြုံ ငြိမ်း​ချမ်း​သာယာတဲ့​ နိုင်ငံ​တော်ကြီး​ဖြစ်​အောင် ပါး​စပ်တာဝန်​လေး​အရ တစိတ်တပိုင်း​ပဲ ​ကျေတယ်လို့​ရှိရှိ တရား​ဟောနည်း​လမ်း​အရ ​ပြောပြမလို့​ပါ။ ရန်ဖြစ်တယ်ဆိုတာဟာ ဘယ်ဘုရား​မှ ​ကောင်း​ကျိုး​ပေး​တယ်လို့​ မ​ဟောခဲ့​ပါဘူး​။ မညီညွတ်ခြင်း​သည် ဆိုး​ကျိုး​ကိုသာ ​ဘေး​ဖြစ်​စေတယ်။ ဒါ​ကြောင့်​ အား​လုံး​ ညီညွတ်ကြပါ။ ဒါ​ကြောင့်​ ငြိမ်း​ချမ်း​စွာ​နေထိုင်လိုတဲ့​သူတိုင်း​ဟာ ညီညွတ်ဖို့​ လိုပါတယ်လို့​ ဒီတရား​လေး​ဟောဖို့​ပါ။ ဦး​ဇင်း​တို့​ထက် အသက် သိက္ခာ ဂုဏ်ဝါ ပညာအရာ အစစကြီး​မား​ထည်ဝါတဲ့​ ဆရာ​တော်ဘုရား​ကြီး​တွေကလည်း​ မြန်မာပြည်ကြီး​ ငြိမ်း​ချမ်း​ဘေး​ကင်း​လုံခြုံတဲ့​ တိုင်း​ပြည်ဖြစ်​အောင် ​မေတ္တာပို့​သ ပွား​များ​ပြီး​တော့​ ကျင့်​ဆောင် ​ဟော​ပြော​ပေး​ကြပါလို့​လည်း​ တရား​ပွဲမှာ ​မေတ္တာရပ်ခံ ကျိုး​နွံစွာ ရိုရို​သေ​သေနဲ့​ ​လျှောက်ထား​ဖို့​စကား​လေး​လည်း​ ​ပြောဖို့​ အစီအစဉ်ရှိပါတယ်။” လွန်ခဲ့​တဲ့​လပိုင်း​အတွင်း​မှာ ငြိမ်း​ချမ်း​ရေး​ စကား​ကို ​တော်​တော်များ​များ​ ​ပြော​နေကြတယ်။ ငြိမ်း​ချမ်း​ရေး​ ဦး​ဆောင်လုပ်​နေသူ​တွေ၊​ ​ဆောင်ကြဉ်း​နေသူ​တွေကို ဆရာ​တော်က ဘာများ​မိန့်​ကြား​ဖို့​ရှိလဲဘုရား​။ “ဘုရား​ကိုယ်​တော်တိုင် ဘုရား​ဖြစ်တဲ့​အထိ ငြိမ်း​ချမ်း​ရေး​လုပန်ငန်း​ကို တစိုက်မတ်မတ် လုပ်​ဆောင်သွား​ပြီး​တော့​မှ အငြိမ်း​ချမ်း​ဆုံး​ သန္တိသုခ နိဗ္ဗာန်နိုင်ငံ​တော်ကြီး​ကို ဝင်စံသွား​တယ်။ ​လောကီငြိမ်း​ချမ်း​ရေး​က​နေ ​လောကုတ္တရာငြိမ်း​ချမ်း​ရေး​ကို ဘုရား​ရှင်ကိုယ်​တော်မြတ်ကိုယ်​တော်တိုင် ကိုယ်​ရော စိတ်ပါ ​ဆောင်ရွက်​တော်မူသွား​ခဲ့​တယ်​လေ။ ဒါဘုရား​လမ်း​ညွှန်ပဲ။ ကပိလဝတ်နဲ့​ ​ကောလိယ နှစ်ပြည်​ထောင်မင်း​တွေ ​ရောဟိဏီ မြစ်​ရေလုပြီး​ စစ်ခင်း​မယ့်​အချိန်မှာ မြတ်စွာဘုရား​ ​ကြောင့်​ကြမဲ့​နေ​တော်မူသလား​၊​ မ​နေဘူး​။ ငြိမ်း​ချမ်း​ရေး​တရား​တွေ ​ဟော​ပြောခဲ့​တော့​ အား​လုံး​စစ်​ပြေငြိမ်း​ခဲ့​တယ်။ “အများ​ကြီး​ပါ- သ​မ္မောဒ မာနဇာတ် (ငုံး​အ​ပေါင်း​တို့​၏ စည်း​လုံး​ညီညွတ်စွာ အား​ထုတ်မှု​ကြောင့်​ မုဆိုး​၏ပိုက်ကွန်မှ လွတ်​မြောက်ဖူး​သည်။)၊​ ဖန္ဒနဇာတ်​တွေ (အချင်း​ချင်း​ ရန်ငြိုး​ဖွဲ့​၍ ခိုက်ရန်ဖြစ်​နေပါက နှစ်ဦး​နှစ်ဖက် ပျက်စီး​ရန်သာဖြစ်သည်) စတဲ့​ဇာတ်​တွေ ထုတ်​ဖော်ပြီး​ မြတ်စွာဘုရား​က ငြိမ်း​ချမ်း​ခြင်း​သည်၊​ ညီညွတ်ခြင်း​သည်၊​ တည့်​တည့်​ရှုရှု​နေခြင်း​သည် ချမ်း​သာတယ်၊​ မငြိမ်း​ချမ်း​ဘူး​ ရန်ဖြစ်​နေမယ်ဆိုရင် ဘယ်ပညာရှိကမှ ​ကောင်း​တယ်လို့​ မ​ဟောခဲ့​ပါဘူး​။ ဘုရား​ကမှ ရန်ဖြစ်တာကို ​ကောင်း​တယ်လို့​ မ​ဟောခဲ့​ပါဘူး​၊​ ဒါဘုန်း​ဘုန်း​ ​ပြောချင်တဲ့​စကား​ပါ။” အခုဆိုရင် ဘုန်း​ဘုန်း​ငြိမ်း​ချမ်း​ရေး​ စကား​ပြော​နေတဲ့​အချိန်မှာပဲ လွှတ်​တော်မှာလည်း​ ကိုယ်စား​လှယ်​တွေကအစ သမ္မတကအစ၊​ လူထုကကြည်ညိုတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကအစ ငြိမ်း​ချမ်း​ရေး​စကား​တွေ ကျယ်ကျယ်​လောင်​လောင် ​ပြောလာတယ်ဆို​တော့​ ငြိမ်း​ချမ်း​ရေး​ဆိုတာ ​ပြောတာက​တော့​လွယ်တယ်၊​ လက်​တွေ့​အား​ဖြင့်​ အ​ခြေခံဘယ်လိုမျိုး​ပြုလုပ်တာက လက်​တွေ့​ဘဝနဲ့​ ဖြစ်နိုင်​ခြေရှိလဲ။ “ငြိမ်း​ချမ်း​ရေး​လုပ်တယ်ဆိုတာက ​ရှေး​ရှေး​တုန်း​က မြတ်စွာဘုရား​ရှင် ကိုယ်​တော်မြတ် လုပ်​ဆောင်ခဲ့​တဲ့​ ​ဆောင်ရွက်ချက်​တွေကို သင်ခန်း​စာ အတုယူလုပ်​ဆောင်သွား​ကြရင် သိပ်မခက်ပါဘူး​ဗျ။ သ​ဘောထား​လေး​တွေ တင်း​မာရင် ​လျှော့​ပေး​လိုက်၊​ နား​လည်မှု​တွေလွဲမှား​ရင် တည့်​ပေး​လိုက်၊​ ဒါလွယ်လွယ်​လေး​ပါ။ မလုပ်တာက ခက်တာ။ လုပ်ရင် မခက်ဘူး​။ ခင်ဗျား​ပြောသလို တကယ့်​လက်​တွေ့​မှာ မခက်ပါဘူး​၊​ ကျုပ်ကလည်း​ ကျုပ်မဟုတ်တာလုပ်ထား​ရင် ကျုပ်မဟုတ်တဲ့​အ​ကြောင်း​ကို ​ခေါ်​ပြောတဲ့​သူကို ​ကျေး​ဇူး​ရှင်တ​ယောက်လို သ​ဘောထား​ပြီး​ ပြင်​ပေး​လိုက်ရင် ငြိမ်း​ချမ်း​သွား​တာပဲ။ ငါ့​ကိုဘယ်လို ဘယ်ညာ​ပြောရမလား​ဆိုပြီး​ ​ဒေါသထွက်ပြီး​ တုံ့​ပြန်ရင် ဘယ်လိုလုပ် ငြိမ်း​ချမ်း​မှာလဲ။ “သ​မ္မောဒ မာနဇာတ်ကို အကျဉ်း​ချူပ်​ပြောမယ်။ ဘုရား​လောင်း​ ငုံး​ဖြစ်​တော့​ ငုံး​အ​ပေါင်း​ ​ထောင်​သောင်း​နဲ့​ချီရှိတယ်။ မုဆိုး​ရဲ့​ကွန်ရက်ကို ဝိုင်း​ဝန်း​ညီညွတ်စွာနဲ့​ ပျံသန်း​တော့​ ​ကောင်း​ကင်မှာ ကွန်ရက်ကို ချီသွား​နိုင်တယ် ဆူး​ချုံ​ပေါ်ချ ​အောက်က​နေလျှိုထွက်​တော့​ ငုံး​တွေဟာ ငြိမ်း​ချမ်း​လွတ်​မြောက်မှုရတယ်၊​ ညီညွတ်ခြင်း​ပေါ့​။ ​နောက်​တော့​ ငုံး​တွေရန်ဖြစ်တယ်၊​ တ​ကောင်နဲ့​ တ​ကောင်။ တ​ကောင့်​ခေါင်း​ကို တ​ကောင်ကနင်း​မိတာကအစ ပြဿနာ​တွေတက်ပြီး​ ညီညွတ်မှု​တွေ ပြိုကွဲသွား​တဲ့​အချိန်မှာ မုဆိုး​လက်ကို သက်ဆင်း​ပြီး​ အကုန်လုံး​ မိသွား​တယ်။ ဒါဟာ ညီညွတ်ခြင်း​သည် ငြိမ်း​ချမ်း​ခြင်း​ရဲ့​လမ်း​စပဲ ။ မညီညွတ်​တော့​ဘူး​၊​ မတည့်​တော့​ဘူး​ဆိုရင်​တော့​ သ​မ္မောဒ မာနဇာတ်မှာ တ​ကောင်နဲ့​ တ​ကောင် ​ကြေး​တန်း​ထိုး​ကြတယ်။ မင်း​ချီပါလား​ မင်း​မပါလား​နဲ့​ ​ခေါင်း​နင်း​ခံရတဲ့​ ငုံး​က နင်း​တဲ့​ငုံး​က ​တောင်း​ပန်တာကို ခွင့်​မလွှတ်ဘူး​လေ။ ​တောင်း​ပန်ရင် ခွင့်​လွှတ်လိုက်​လေ။ ​တောင်း​ပန်တာကို ခွင့်​လွှတ်လိုက်ရင် ငုံး​တွေ မုဆိုး​လက်ထဲ ဘယ်မိပါ့​မလဲ။ အဲဒီ​တော့​ မညီညွတ်တဲ့​အတွက် အသက်အိုး​အိမ် စည်း​စိမ်​တွေ ဆုံး​ရှုံး​ရတယ်​လေ။ မငြိမ်း​ချမ်း​တဲ့​အတွက် အသက်အိုး​အိမ် စည်း​စိမ်​တွေ ဆုံး​ရှုံး​ရတယ်​လေ၊​ ငြိမ်း​ချမ်း​ညီညွတ်တဲ့​အတွက် ​လောကကြီး​ဟာ ​ကောင်း​ကျိုး​တွေရ၊​ ​ဘေး​ကင်း​လုံခြုံတဲ့​ဘဝ​တွေရကြ​တော့​ သာယာဝ​ပြောတာ​ပေါ့​၊​ အဲ့​ဒါငြိမ်း​ချမ်း​ခြင်း​။ ညီညွတ်ခြင်း​ရဲ့​ ရလဒ်ပဲ​လေ။ ‘သမဂ္ဂါနံ တ​ပေါ သု​ခေါ’ ဆိုတာ မြတ်စွာဘုရား​ ​ဟောခဲ့​တာ တည့်​တည့်​ကြီး​ပါဗျ။ ညီညွတ်ခြင်း​ရဲ့​ အကျင့်​မှန်သမျှတို့​သည် ချမ်း​သာလိမ့်​မယ်တဲ့​၊​ ရှင်း​ရှင်း​လေး​ပဲ​နော်။” ရွှေညဝါဆရာ​တော်ကို အစိုး​ရက ဒီနှစ်​ဖေ​ဖော်ဝါရီ ၁၁ ရက်ကစလို့​ နိုင်ငံတွင်း​မှာ တနှစ်တရား​ဟောခွင့်​ ပိတ်ထား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024