အာဖဂန်တပ်သားများကို ကွပ်မျက်နေသည့် အိုင်အက်စ်ကလေးစစ်သားများ ရုပ်သံထွက်ပေါ်

2.3K
အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အုပ်စုထဲက ကလေးစစ်သားတွေရဲ့ ဆိုးဝါးရက်စက်တဲ့ ကွပ်မျက်မှု ရုပ်သံဗွီဒီယိုဖိုင်တခု ထွက်ပေါ်လာခဲ့တယ်လို့ မေရာသတင်းမှာ ဇူလိုင် ၂ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကလေးစစ်သားတွေဟာ အာဖဂန်နစ္စတန်အမျိုးသားတပ်မတော်မှ တပ်သားတွေကို ကွပ်မျက်နေပုံတွေ ရိုက်ပြထားခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုကလစ်ဟာ အာဖဂန်နစ္စတန်နိုင်ငံ၊ ဒါမှမဟုတ် ပါကစ္စတန်နိုင်ငံရဲ့ တောင်တန်းဒေသတနေရာရာမှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အစွန်းရောက်အုပ်စုက အရင်တုန်းက ထုတ်လွှင့်ခဲ့တဲ့ ဗွီဒီယိုတွေလိုပဲ ဂျီဟဒ်ဝါဒီ တွေရဲ့ ပြိုးပြိုးပြက်ပြက်ပုံရိပ်တွေနဲ့ ဘာသာရေးဆိုင်ရာ ဂီတသံတွေနဲ့အတူ ရိုက်ကူး ပြထားခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို “ဖောက်ပြန်ရေးသမားတွေရဲ့ ခိုရာဆန်သင်္ချိုင်း”လို့ ခေါင်းစဉ် တပ်ထားခဲ့ပါတယ်။
ခိုရာဆန်ဆိုတာကတော့ အိုင်အက်စ်အကြမ်းဖက်သမားတွေရဲ့ ထိန်းချုပ်နယ်မြေကို ကိုယ်စားပြုတဲ့ စကားလုံးဖြစ်ပါတယ်။
အိုင်အက်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အဘူ မိုဟာမက် အယ်လ် အက်ဒ်နာနီက အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ အနီးနားဒေသတွေကို လွှမ်းခြုံပြီး အစ္စလာမ်ဘာ သာရေးခေါင်းဆောင်တွေရဲ့ ရှေးရိုးအမည်နာမတခုအနေနဲ့ ခိုရာဆန်ပြည်နယ်ထူထောင် သွားမယ်လို့ ထုတ်ပြန်ကြေညာထားတာပါ။
အဲဒီလိုကြေညာခဲ့ပြီးနောက်မှာတော့ အာဖဂန်အမျိုးသားတပ်မတော်၊ တာလီဘန် နဲ့ အယ်လ်ကေးဒါးတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ အိုင်အက်စ်အဖွဲ့နဲ့ တာလီဘန်တွေကြား ဂျီဟဒ်ဆန့်ကျင်ရေး စစ်ပွဲတွေဖြစ်ပွားခဲ့ကြပြီး လက်ရှိမှာတော့ အိုင်အက်စ်အဖွဲ့တွေရဲ့ ဒေသတွင်း လွှမ်းခြုံ ထားနိုင်တဲ့ အတိုင်းအတာကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘူးလို့ဆိုပါတယ်။