Home
ဆောင်းပါး
မြစ်ဆုံ​ရေကာတာ၏ အမျိုး​သား​အ​မွေအနှစ်နှင့်​ အကျိုး​စီး​ပွား​ အား​ပြိုင်မှု
DVB
·
September 21, 2011
မြန်မာနိုင်ငံ​မြောက်ဖျား​ပိုင်း​ကစလို့​ လျှို​မြောင်အသွယ်သွယ်ကိုဖြတ်သန်း​ပြီး​ ​မြေဆီဩဇာ​ကောင်း​မွန်တဲ့​ ​တောင်ဘက် မြစ်ဝ ကျွန်း​ပေါ်အထိ ​မြေပြန့်​လွင်ပြင်​တွေကို မိုင်​ထောင်ချီ ​ကွေ့​ပတ်စီး​ဆင်း​နေတဲ့​ မြစ်မဟာ ဧရာဝတီရဲ့​သမိုင်း​နဲ့​ ဒီမြစ်ကြီး​တ​လျှောက် မှီတင်း​နေထိုင်ကြတဲ့​ လူမျိုး​ပေါင်း​စုံရဲ့​ ယဉ်​ကျေး​မှုနဲ့​ လူမှုစီး​ပွား​ဘဝ​တွေကို မြန်မာလူငယ်တိုင်း​ ငယ်စဉ်ဘဝက စလို့​ ​ကျောင်း​သင်ခန်း​စာ​တွေထဲမှာ​ရော ပြင်ပစာ​ပေဗဟုသုတအ​နေနဲ့​ရော သင်ယူ​လေ့​လာ ရင်း​နှီး​ကျွမ်း​ဝင်ခဲ့​ကြပါတယ်။ အခု​တော့​ ဧရာဝတီမြစ်ကြီး​ မတိမ်​ကော​ရေး​၊​ ထာဝရရှင်သန်စီး​ဆင်း​ရေး​အတွက် မြစ်ဖျား​ဧရာရဲ့​အစ ကချင်ပြည်နယ် မြစ်ဆုံ​ဒေသမှာ ကြီး​မား​တဲ့​ရေကာတာတခု တည်​ဆောက်မယ့်​ စီမံကိန်း​ကို ဝိုင်း​ဝန်း​ကန့်​ကွက်ကြ၊​ ​ဆော်ဩကြတဲ့​ အသံ​တွေ မြန်မာပြည်သူ​တွေအကြား​ ကျယ်ကျယ်​လောင်​လောင်ထွက်​ပေါ်လာ​တော့​မှ ​ကျောင်း​သင်ခန်း​စာထဲ ရာဇဝင်ထဲ နှစ်​ပေါင်း​ များ​စွာအိပ်​ပျော်​နေခဲ့​တဲ့​ ဧရာဝတီရဲ့​ ဝိညာဉ်လည်း​ တဖန်ပြန်လည်နိုး​ထလာခဲ့​ပါပြီ။ မြစ်ဆုံ​ရေကာတာ အပါအဝင် ဧရာဝတီမြစ်ဝှမ်း​ရဲ့​အထက်ဘက် ​မေခနဲ့​ မလိခမြစ်​ပေါ်မှာ ​ရေကာတာ ၇ ခု တည်​ဆောက်​ရေး​ ကို မြန်မာစစ်အစိုး​ရလက်ထက် ၂၀၀၆ ခုနှစ်ခန့်​ကစပြီး​ တရုတ်နိုင်ငံပိုင် China Power Investment Corporation (CPI) နဲ့​ နား​လည်မှုစာချုပ် (MoU) လက်မှတ်​ရေထိုး​ဆောင်ရွက်ခဲ့​ပေမယ့်​ ဧရာဝတီမြစ်နဲ့​ပတ်သက်လို့​ ဒီလိုစိုး​ရိမ်မှု​တွေ ကျယ် ကျယ်ပြန့်​ပြန့်​ ထွက်​ပေါ်မလာခဲ့​ပါဘူး​။ အခုအချိန်ကျမှ မြန်မာလူထုအကြား​ စိုး​ရိမ်မှု​တွေကြီး​ထွား​ခဲ့​ရတာရဲ့​ အဓိကအ​ကြောင်း​ရင်း​တခုက မြစ်ဆုံ​ရေကာတာ အပါအဝင် ​မေခနဲ့​ မလိခမြစ်​ပေါ်မှာ တည်​ဆောက်မယ့်​ရေကာတာ ၇ ခု စီမံကိန်း​ကြောင့်​ ဖြစ်​ပေါ်လာမယ့်​ သဘာဝပတ်ဝန်း​ကျင် အ​ပေါ်သက်​ရောက်မှု (Environmental Impact Assessment – EIA) ကို Biodiversity And Nature Conservation Association (BANCA) သု​တေသနအဖွဲ့​က ကျယ်ကျယ်ပြန့်​ပြန့်​ ကွင်း​ဆင်း​လေ့​လာဆန်း​စစ် အကဲဖြတ်ထား​တဲ့​ အစီရင်ခံစာတ​စောင် မြန်မာပြည်သူ​တွေအကြား​ ​ပေါက်ကြား​ခဲ့​ခြင်း​က စတင်ခဲ့​တယ်လို့​ ​ပြောနိုင်ပါတယ်။ တ​လောကပဲ မြန်မာအစိုး​ရရဲ့​ အမှတ် (၁) လျှပ်စစ်စွမ်း​အင်ဝန်ကြီး​ ဦး​ဇော်မင်း​က ​နေပြည်​တော်သတင်း​စာရှင်း​လင်း​ပွဲတခု မှာ BANCA ကို အ​မေရိကန်​ဒေါ်လ ၁ ဒသမ ၂၅ သန်း​ပေး​ပြီး​ EIA ကို လုပ်​ဆောင်ခိုင်း​ခဲ့​ကြောင်း​၊​ အင်တာနက်​ပေါ်မှာ ပြန့်​နှံ့​နေတဲ့​ အစီရင်ခံစာနဲ့​ပတ်သက်ပြီး​ “ခင်ဗျား​တို့​ မီဒီယာ​တွေက ​ပြော​နေကြတဲ့​ အချက်​ပေါ့​။ အင်တာနက်မှာ တင်ထား​တဲ့​ report က စာမျက်နှာ ၅၀၀ ​လောက်ရှိတယ်။ အဲဒီထဲမှာ ​ရေး​ထား​တာ မြန်မာအစိုး​ရက မလိုက်နာဘူး​လို့​ ​ပြောကြတယ်။ BANCA က ဒီ report ကို တင်လို့​ မရဘူး။ BANCA ကို ကျွန်​တော်တို့​က စာချုပ်နဲ့​ ငှား​ထား​တာ၊​ မင်း​တို့​ ဒါလုပ်၊​ ပြီး​ရင် အဲဒီ report ငါ့​ပေး​။ ဒါက Trade Secret ဖြစ်တယ်၊​ ​ပြောလို့​မရဘူး​” လို့​ ​ပြောခဲ့​ပါတယ်။ ဝန်ကြီး​ဦး​ဇော်မင်း​ရဲ့​အ​ပြော​ကြောင့်​ အင်တာနက်​ပေါ်က အစီရင်ခံစာဟာ အစစ်မဟုတ်သလိုလို၊​ ဧရာဝတီမြစ်ဆုံ​ရေကာတာ စီမံကိန်း​ကို ဖျက်လိုဖျက်ဆီး​လုပ်​နေသူများ​က “ဧရာဝတီ​ရောဂါ” ပြန့်​ပွား​အောင်​ဆောင်ရွက်​နေသလိုလို အဓိပ္ပါယ်သက် ​ရောက်​နေပါတယ်။ မြန်မာပြည်သူ​တွေလက်ထဲ ​ရောက်ရှိ​နေတဲ့​ BANCA ရဲ့​ အစီရင်ခံစာဟာ ဝန်ကြီး​ပြောသလို စာမျက်နှာ ၅၀၀ မဟုတ်ဘဲ အစီရင်ခံစာမျက်နှာဖုံး​က​နေ အဆုံး​အထိ စာမျက်နှာစုစု​ပေါင်း​ ၉၃၅ မျက်နှာရှိတဲ့​ ပြီး​ပြည်စုံတဲ့​ အစီရင်ခံစာတ​စောင်ဖြစ်ပြီး​ ၂၀၀၉ နှစ် ​အောက်တိုဘာလ ရက်စွဲနဲ့​ ထုတ်ပြန်ထား​ခြင်း​ဖြစ်ပါတယ်။ လျှပ်စစ်ဝန်ကြီး​ ဦး​ဇော်မင်း​က ​ဒေါ်လာ ၁.၂၅ သန်း​ အကုန်ကျခံခဲ့​တာ မြန်မာအစိုး​ရဘက်က ​ဆောင်ရွက်ခဲ့​သ​ယောင် ​ပြောဆိုခဲ့​ပေမယ့်​ အစီရင်ခံစာအရ ဒီ​ငွေကို CPI က အကုန်ကျခံခဲ့​တာဖြစ်ပါတယ်။ BANCA ရဲ့​အဆိုအရ မြန်မာနိုင်ငံမှာ EIA ကို မလုပ်မဖြစ်လုပ်ရမယ်လို့​ စည်း​မျဉ်း​ဥပ​ဒေ သတ်မှတ်ထား​တာမရှိပါ။ ဒါ​ပေမယ့်​ အခုလို ဧရာဝတီမြစ်ဝှမ်း​အထက်ပိုင်း​မှာ ​ရေအား​လျှပ်စစ်ထုတ်ယူ​ရေး​စီမံကိန်း​ကြီး​တွေ ​ဆောင်ရွက်ရာမှာ တရုတ်အစိုး​ရရဲ့​ EIA နဲ့​ပတ်သက်တဲ့​ စိုး​ရိမ်မှုကို အသိအမှတ်ပြုသင့်​ကြောင်း​ ​ဖော်ပြထား​ပါတယ်။ မြန်မာအစိုး​ရဘက်ကလည်း​ စိုး​ရိမ်မှုရှိတယ်လို့​ ​ဖော်ပြမထား​ပါဘူး​။ ဒါ​ပေမယ့်​ မြန်မာအစိုး​ရရဲ့​ ပူး​ပေါင်း​ကူညီမှုကို ​ကျေး​ဇူး​တင်​ကြောင်း​ ​ဖော်ပြခဲ့​ပါတယ်။ BANCA က အခုလို ​ရေး​ထား​ပါတယ်။ “EIA is not mandatory yet in Myanmar. However regarding hydropower development of Ayeyawady River above Myitkyina, we should appreciate China's concern on EIA and should refer their EIA procedure.” BANCA ရဲ့​ အစီရင်ခံစာမှာ တရုတ်အစိုး​ရရဲ့​ သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​ဥပ​ဒေနဲ့​ ​ဆောက်လုပ်​ရေး​ စီမံကိန်း​များ​ မတည်​ဆောက်ခင် တရုတ်ကုမ္ပဏီများ​က အစိုး​ရကပြဌာန်း​ထား​တဲ့​ EIA ဥပ​ဒေကိုလိုက်နာအ​ကောင်အထည် ​ဖော်ရ​ကြောင်း​ ​ဖော်ပြထား​တဲ့​အတွက် အခု BANCA ရဲ့​ မြစ်ဆုံ​ရေကာတာ EIA ဟာ တရုတ်ကုမ္ပဏီ​တွေဘက်က တရုတ်နိုင်ငံရဲ့​ ဥပ​ဒေကို လိုက်နာ​ဆောင်ရွက်ဖို့​ တာဝန်ရှိတဲ့​အတွက် လုပ်​ဆောင်တာလား​၊​ မြန်မာအစိုး​ရက မြစ်ဆုံ​ရေကာတာ ​ကြောင့်​ ဖြစ်​ပေါ်လာနိုင်တဲ့​ သဘာဝပတ်ဝန်း​ကျင်ထိခိုက်မှု​တွေအတွက် စိုး​ရိမ်လို့​ ​ဆောင်ရွက်တာလား​ဆိုတာ ​မေး​ခွန်း​ထုတ်စရာ ဖြစ်လာပါတယ်။ အဲ့​ဒီအစီရင်ခံစာကို ဖတ်ရှုလိုက်ရတဲ့​အတွက် မြစ်ဆုံ​ရေကာတာ တည်​ဆောက်​နေဆဲနဲ့​ တည်​ဆောက်ပြီး​ လတ်တ​လော ကာလမှာပင် ကြီး​ကြီး​မား​မား​ ဆိုး​ကျိုး​သက်​ရောက်မှု​တွေကို ​ဖော်ပြထား​ပါတယ်။ မြန်မာအစိုး​ရရဲ့​ အဆိုအရ ဧရာဝတီမြစ် ​ရေရဲ့​ ၇ % ကိုသာ ဆည်အတွင်း​ သို​လှောင်မှာဖြစ်တယ်လို့​ ဆိုပါတယ်။ BANCA ရဲ့​ GIS (Geographic Information System) တိုင်း​ထွာချက်အရ မြစ်ဆုံ​ရေကာတာရဲ့​ ​ရေမျက်နှာပြင်အကျယ်ဟာ ဧက ၆၄,၇၈၄ (၂၆,၂၃၈ ဟက်တာ) ရှိမှာဖြစ်တဲ့​အတွက် ​ရေ​အောက်နစ်မြုပ်သွား​မယ့်​ ​မြေဧက ၆၄,၇၈၄ ​ကြောင့်​ လတ်တ​လောကြုံ​တွေ့​ရမယ့်​ ဆိုး​ကျိုး​တွေက - (၁) ​ကျေး​ရွာ​ပေါင်း​ ၃၂ စု ​ရေနစ်မြုပ်သွား​မှာဖြစ်တယ်။ ယုံကြည်ရတဲ့​ ​ဒေသခံသတင်း​အချက်အလက်​တွေကို ကိုး​ကား​ပြီး​ အဆိုပါ​ရေနစ်မြုပ်သွား​မယ့်​ ​ကျေး​ရွာ​ပေါင်း​ ၃၀ ​ကျော်က အိမ်​ထောင်စု​ပေါင်း​ ၅,၀၀၀ ခန့်​၊​ လူဦး​ရေ ၈,၀၀၀ ခန့်​ အိုး​မဲ့​အိမ်မဲ့​ ဖြစ်သွား​လိမ့်​မယ်လို့​ ​ဖော်ပြထား​တယ်။ အခြား​လေ့​လာမှုတခုကိုလည်း​ ကိုး​ကား​ပြီး​ BANCA က ​ဖော်ပြရာမှာ ​ရေနစ်မြုပ်မယ့်​ ​ကျေး​ရွာ​ပေါင်း​ ၄၇ ရွာ အထိရှိနိုင်တယ်လို့​ ​ဖော်ပြထား​ပါတယ်။ ရေနစ်မြုပ်သွား​မယ့်​ကျေး​ရွာများ​ကို BANCA က ​အောက်ပါအတိုင်း​ ​ဖော်ပြထား​ပါတယ်။ “According to our GIS map analysis, the following villages will be flooded. Tang Hpe; Te Yan Zup; Naing Sein; Nget Pyaw Daw; Zup Ra Yang; Sa ni to yang; Kwin Htau; Tang Bauk Yang; The waing; N Bum Yaung; U Ship Yang; Bum Rung; La Zup; Hkam Be Yang; Bum Lai; N Dawng Yang; Daw Man Yang; Ma Jang Yang; Ka Pyi Kawng; Kh Wa Yang; Tum Pang; Ma Li Yang; Au Ra Yang; U Laung Yang; Man Tawng; Shi Ngaw; Brm Ba; N Sawp Zup; N Jip; Hkat Pwa Hmaw; Zai ro (Za ru).” (၂) ​မေခမြစ်တ​လျှောက် ​ဖောက်လုပ်ထား​တဲ့​ မြစ်ကြီး​နား​-ချီ​ဗွေ ကား​လမ်း​ရဲ့​ ၄၆ ကီလိုမီတာရှည်လျား​တဲ့​ လမ်း​ပိုင်း​တခုလုံး​ ​ရေနစ်မြုပ်သွား​မှာဖြစ်သလို ဒီလမ်း​ပေါ်မှာ တည်​ဆောက်ထား​တဲ့​ ၅၉ မိုင် တံတား​၊​ ရှ​ဂေါ်တံတား​တို့​လည်း​ ပျက်စီး​နစ်မြုပ် သွား​မှာဖြစ်တယ်။ (၃) မလိခမြစ်တ​လျှောက် ​ဖောက်လုပ်ထား​တဲ့​ မြစ်ကြီး​နား​-ပူတာအိုကား​လမ်း​ရဲ့​ ၄၈ ကီလိုမီတာခန့်​ရှည်လျား​တဲ့​ လမ်း​ပိုင်း​တခုလုံး​လည်း​ ​ရေနစ်မြုပ်သွား​မှာဖြစ်သလို ဒီလမ်း​ပေါ်မှာ တည်​ဆောက်ထား​တဲ့​ အင်ဇူး​တံတား​၊​ တိန်ဇူး​တံတား​နဲ့​ အခြား​ တံတား​ငယ်များ​လည်း​ ပျက်စီး​နစ်မြုပ်သွား​မှာဖြစ်တယ်။ (၄) ကချင်လူမျိုး​တွေအတွက်ပါမက မြန်မာတနိုင်ငံလုံး​ရဲ့​ ယဉ်​ကျေး​မှုအမှတ်လက္ခဏာတရပ်ဖြစ်ပြီး​ သာယာလှပတဲ့​ မြစ်ဆုံ​ဒေသ ထာဝရ​ပျောက်ဆုံး​သွား​မှာဖြစ်သလို ကချင်ပြည်နယ် ခရီး​သွား​လုပ်ငန်း​ဖွံ့​ဖြိုး​မှုအတွက် ဆုံး​ရှုံး​မှုကြီး​တရပ် ဖြစ်သွား​ပါလိမ့်​မယ်။ (၅) စိုက်ပျိုး​နိုင်တဲ့​ လယ်​မြေဧက ၁၈,၀၀၀ ​ကျော် ဆုံး​ရှုံး​မှာ ဖြစ်သလို သစ်​တောများ​နဲ့​ သဘာဝရင်း​မြစ်​တွေဖြစ်တဲ့​ အပင်မျိုး​စိတ်​တွေနဲ့​ ဇီဝမျိုး​စိတ် အများ​အပြား​ ဆုံး​ရှုံး​ပျက်စီး​မှာဖြစ်ပါတယ်။ BANCA ဟာ EIA ကိုသာ ​ဆောင်ရွက်တာဖြစ်တဲ့​အတွက် သဘာဝပတ်ဝန်း​ကျင် ပျက်စီး​ဆုံး​ရှုံး​မှုများ​ကို အဓိကထား​လေ့​လာခဲ့​ပြီး​ အခုတင်ပြခဲ့​တဲ့​ အ​ခြေခံအ​ဆောက်အအုံပိုင်း​ဆိုင်ရာနဲ့​ မြစ်ဆုံ​ဒေသမှာ မှီတင်း​နေထိုင်ကြတဲ့​ ပြည်သူ​တွေရဲ့​ လူမှုစီး​ပွား​ဘဝ အ​ပြောင်း​အလဲနဲ့​ နစ်နာဆုံး​ရှုံး​မှု​တွေကို မ​လေ့​လာခဲ့​ပါဘူး​။ အဲဒီအတွက် မြစ်ဆုံ​ရေကာတာ​ကြောင့်​ ဖြစ်​ပေါ်လာနိုင်တဲ့​ လူမှုစီး​ပွား​ဘဝအ​ပေါ် အကျိုး​သက်​ရောက်မှု (Social Impact Assessment – SIA) ကို မဖြစ်မ​နေ လုပ်​ဆောင်ဖို့​ လိုအပ်​ကြောင်း​ကို အဲဒီအစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။ BANCA ပြုလုပ်ခဲ့​တဲ့​ EIA ဟာ မြစ်ဆုံရဲ့​ အထက်ဘက် ​မေခနဲ့​ ​မေလိခ ​ရေ​ဝေကုန်း​တန်း​တ​လျှောက် လုပ်​ဆောင်ခဲ့​တာဖြစ်ပြီး​ ဆည်တည်​ဆောက်ပြီး​ပါက မြစ်​အောက်ဘက်မှာ ဖြစ်​ပေါ်နိုင်တဲ့​ သဘာဝပတ်ဝန်း​ကျင် အ​ပြောင်း​အလဲအတွက် ​လေ့​လာမှုများ​ မပါဝင်ပါ။ ထို့​အတူ SIA ကိုမဖြစ်မ​နေ ​ဆောင်ရွက်ဖို့​ အကြံပြုခဲ့​တာဟာလည်း​ ​ရေကာတာ​ကြောင့်​ ဆုံး​ရှုံး​နစ်နာသွား​ကြမယ့်​ မြစ်ဆုံပတ်ဝန်း​ကျင်ကိုသာ ရည်ညွှန်း​ပြောဆိုခဲ့​ဟန်ရှိပြီး​ ဆည်တည်​ဆောက်မှု​ကြောင့်​ ဖြစ်​ပေါ်လာနိုင်တဲ့​ မြစ်​အောက်ဘက်မှာ​နေထိုင်ကြတဲ့​ ပြည်သူ​တွေရဲ့​ လူမှုစီး​ပွား​ဘဝကို ထိခိုက်နိုင်​ခြေကို ​လေ့​လာဖို့​ အကြံပြုမထား​ပါဘူး​။                           ရင်း​မြစ်။     ။ BANCA ရဲ့​ မြစ်ဆုံ​ရေကာတာ​ကြောင့်​ ​ရေလွှမ်း​သွား​မယ့်​နေရာ​တွေကို အပြာ​ရောင်နဲ့​ ပြသထား​ပုံ အခုအချိန်အထိ ရှင်း​လင်း​ပြောဆိုခဲ့​တဲ့​ အချက်အလက်​တွေကို မြန်မာပြည်သူ​တွေထဲက BANCA အစီရင်ခံစာကို ​လေ့​လာသိရှိ​နေကြသူ​တွေက စိုး​ရိမ်မကင်း​ဖြစ်ပြီး​ မြစ်ဆုံ​ရေကာတာ တည်​ဆောက်မှုကို အမျိုး​သား​အ​မွေအနှစ်တခု ဆုံး​ရှုံး​ရုံမျှမက လတ်တ​လောနဲ့​ အနာဂတ်မှာ အတိဒုက္ခနဲ့​ ရင်ဆိုင်ရမယ့်​ပြည်သူ​တွေဘက်က ရပ်တည်​ပြောဆိုလာကြတာ ​တွေ့​ရပါတယ်။ ဒါ​ပေမယ့်​ ​ဖော်ပြထား​တဲ့​ဆိုး​ကျိုး​တွေဟာ နိုင်ငံအ​နေနဲ့​ မြစ်ဆုံ​ရေကာတာ​ကြောင့်​ ရရှိလာနိုင်မယ့်​ အကျိုး​အမြတ်နဲ့​ နှိုင်း​ယှဉ်ရင် အကျိုး​အမြတ်က ပိုကြီး​တယ်လို့​ မြန်မာအစိုး​ရရဲ့​ လျှပ်စစ်ဝန်ကြီး​ ဦး​ဇော်မင်း​က ရှုမြင်သုံး​သပ်ပြီး​ ဆည်တည်​ဆောက်​ရေး​ကို ဆက်လုပ်သွား​မယ်လို့​ ​ပြောကြား​ခဲ့​ဟန်တူပါတယ်။ “ဧရာဝတီမြစ်​ရေရဲ့​ ၇ % နှုန်း​ကိုသာ ယူတာပါ၊​ အဲ့​ဒီ ၇ % ခိုင်နှုန်း​ကလည်း​ ​ရေအား​လျှပ်စစ်လည်ပတ်ပြီး​ရင် မြစ်ထဲပဲ ပြန်စီး​ဝင်မှာဖြစ်လို့​ ဆည်တည်​ဆောက်တာဟာ မြစ်ကို ဘယ်လိုမှ မထိခိုက်ပါဘူး​” လို့​ ဦး​ဇော်မင်း​က ​ချေပ​ပြောဆိုခဲ့​တယ်။ “ဘီလူး​ချောင်း​ကြီး​က​နေ ​ရေအား​လျှပ်စစ်ထုတ်ယူလာခဲ့​တာ ၅၂ နှစ်ရှိပြီ၊​ ဘာမှ မဖြစ်ခဲ့​ပါဘူး​” လို့​လည်း​ နှိုင်း​ယှဉ်ပြခဲ့​တယ်။ ဒါ​ပေမယ့်​ မြန်မာအစိုး​ရဘက်ကလည်း​မရည်ညွှန်း​သလို အစိုး​ရရဲ့​ မြစ်ဆုံဆည်တည်​ဆောက်မှုကို ​ဝေဖန်ကန့်​ကွက်ကြတဲ့​ ပြည်သူ​တွေလည်း​ ​မေ့​နေတဲ့​ အချက်တခုရှိပါတယ်။ အဲဒါက​တော့​ မြစ်ဆုံ​ရေကာတာရဲ့​ အထက်ဘက် ​မေခနဲ့​ မလိခမြစ်​တွေ​ပေါ်က ​နောက်ထပ် ​ရေကာတာ ၆ ခု တည်​ဆောက်မယ့်​ စီမံကိန်း​တွေပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်း​တွေက​ရော ဧရာဝတီမြစ်ရဲ့​ အသက်​သွေး​ကြောဖြစ်တဲ့​ မြစ်နှစ်သွယ်ရဲ့​ ​ရေဆင်း​အား​ကို အဆင့်​ဆင့်​ထိန်း​ချုပ်ကြတဲ့​အတွက် ဧရာဝတီမြစ်​ရေစီး​နှုန်း​ကို နည်း​ပါး​မသွား​စေနိုင်ဘူး​လား​။ မေခမြစ်​ပေါ်က ​ရေအား​လျှပ်စစ်စီမံကိန်း​ ၅ ခု တည်​ဆောက်မှာဖြစ်ပြီး​ မီဂါဝပ် ၂,၈၀၀ ရှိတဲ့​ ချီ​ဗွေ (Chibwe) ၊​ မီဂါဝပ် ၂,၇၀၀ ရှိတဲ့​ ​ခေါင်လန်ဖူး​ (Kawanglangphu) ၊​ မီဂါဝပ် ၂,၀၀၀ ရှိတဲ့​ ဖီ​ဇော (Pisa) ၊​ မီဂါဝပ် ၁,၈၀၀ ရှိတဲ့​ ဝူ​ဆောက် (Wusok) နဲ့​ မီဂါဝပ် ၁,၂၀၀ ရှိတဲ့​ ယီနန် (Yenam) နဲ့​ မလိခမြစ်​ပေါ်မှာ မီဂါဝပ် ၁,၉၀၀ ရှိတဲ့​ လိုင်ဇာ (Laiza) ​ရေအား​ လျှပ်စစ် ထုတ်လုပ်မည့်​ ​ရေကာတာများ​ တည်​ဆောက်မှာဖြစ်ပြီး​ အဲ့​ဒီမြစ်နှစ်သွယ်ဆုံဆည်း​ရာ မြစ်ဆုံရဲ့​ ​အောက်ဖက် ၅ ကီလိုမီတာခန့်​အကွာမှာမှ အခုအငြင်း​ပွား​စရာဖြစ်လာတဲ့​ မီဂါဝပ် ၄,၁၀၀ ရှိတဲ့​ မြစ်ဆုံ​ရေကာတာကို တည်​ဆောက်မှာ ဖြစ်ပါတယ်။ အဲ့​ဒါ​ကြောင့်​ လျှပ်စစ်ဝန်ကြီး​ပြောတဲ့​ မြစ်​ရေရဲ့​ ၇% ပဲယူတာပါဆိုတာ အထက်က ဆည် ၆ ခု မပြီး​ခင် ​မေခနဲ့​ မလိခ မြစ်နှစ် စင်း​က စီး​ဝင်လာတဲ့​ ​ရေဆင်း​နှုန်း​ရဲ့​ ၇ % နှုန်း​ကို ​ပြောတာလား​၊​ ဒီဆည် ၆ ခု တည်​ဆောက်ပြီး​နောက်ပိုင်း​ ​ပြောင်း​လဲသွား​နိုင်တဲ့​ ​ရေဆင်း​နှုန်း​အ​ပေါ်မှာ တွက်ချက်​ပြောတာလာဆိုတာ ရှင်း​ရှင်း​လင်း​လင်း​မသိရတဲ့​ ​ပျောက်​နေတဲ့​ ကွင်း​ဆက်တခု ဖြစ်ပါတယ်။ တကယ်လို့​ ​မေခနဲ့​ ​မေလိခမှာ ဆည် ၆ ခုတည်​ဆောက်ပြီး​ ​ရေဆင်း​နှုန်း​နည်း​သွား​လို့​ ဧရာဝတီ မြစ်ထဲ ​ရေစီး​ဝင်မှု ပိုပြီး​နည်း​ပါး​သွား​တာနဲ့​ကြုံရရင် မြစ်ဆုံ​ရေကာတာက လိုအပ်တဲ့​ရေကို ၇% ထပ်ပိုယူခဲ့​ရင် ဘာ​တွေ ဖြစ်လာနိုင်သလဲ။ အဲ့​ဒါ​ကြောင့်​ ဧရာဝတီမြစ်ကြီး​ အစဉ်ထာဝရ ရှင်သန်စီး​ဆင်း​နေတာကို ​တွေ့​မြင်လိုသူအား​လုံး​ ဧရာဝတီမြစ်ကို ကယ်တယ်ဖို့​ ကြိုး​ပမ်း​ကြသူအား​လုံး​ ဂရုပြုသင့်​တဲ့​အချက်က မြစ်ဆုံ​ရေကာတာတခုကိုသာ အာရုံစိုက်တာထက် မြစ်ဆုံရဲ့​ အထက်ဘက်မှာ တည်​ဆောက်မယ့်​ ​ရေအား​လျှပ်စစ်စီမံကိန်း​ ၆ ခုကိုလည်း​ စနစ်တကျ​လေ့​လာ သု​တေသနပြုသင့်​ပါတယ်။ နိုင်ငံ​တော်အစိုး​ရအ​နေနဲ့​လည်း​ မြစ်ဆုံ​ရေကာတာတည်​ဆောက်​ရေး​အ​ပေါ် ကန့်​ကွက်​ဝေဖန်​နေမှုအ​ပေါ် ဖျက်လိုဖျက်ဆီး​ လုပ်ကြတယ်လို့​ သ​ဘောမထား​သင့်​ဘဲ ဒီမိုက​ရေစီအစိုး​ရတရပ်ရဲ့​ စံနှုန်း​တွေနဲ့​အညီ ပြည်သူ​တွေရဲ့​ စိုး​ရိမ်မှုကို အ​လေး​ထား​ပြီး​ စီမံကိန်း​ဆိုင်ရာ သတင်း​အချက်အလက်များ​ကို ပြည်သူလူထုက လက်လှမ်း​မီ ​လေ့​လာနိုင်​အောင် ပွင်း​လင်း​မြင်သာစွာ ထုတ်ပြန်​ပေး​သင့်​ပါတယ်။ အဲဒါမှသာ ပြည်သူနဲ့​ အစိုး​ရ ပူး​ပေါင်း​ဆောင်ရွက်တဲ့​ နိုင်ငံဖွံ့​ဖြိုး​ရေး​ ဖြစ်မှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024