A d v e r t i s e m e n t With Us

ကွမ်းစားသုံးမှုလျော့ကျရေး စီမံချက်ကြောင့် ပြည်ပကွမ်းသီးတင်ပို့မှု မထိခိုက်ဟုဆို

ကွမ်းစားသုံးမှုနဲ့ စည်းကမ်းမဲ့ကွမ်းတံတွေးထွေးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ချက်ကြောင့် ပြည်တွင်း ကွမ်းသီးဈေးကွက် ဖြုန်းအား ကျဆင်းနိုင်ပေမယ့် ပြည်ပဈေးကွက်ကိုတော့ မထိခိုက်နိုင်ဘူးလို့ မြိတ်ခရိုင် ကွမ်းသီးနှင့်သီဟိုဠ်ဆံများအသင်း ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ မြိတ်ခရိုင် ကွမ်းသီးနှင့်သီဟိုဠ်ဆံများအသင်း ဥက္ကဌ ဦးမြင့်အေးက “ဈေးကွက်အခြေအနေ လျော့ကျသွားမှာကို စိုးရိမ်မှုတော့ နည်းနည်းရှိတယ်။ ဒါပေမယ့် ပြည်တွင်းဖြုန်းအားထက် အိန္ဒိယကို တင်ပို့မှု အနေအထားကောင်းတယ်။ ဒီတော့ ဈေးကွက်အပေါ် ထိခိုက်မှုကတော့ မရှိနိုင်ပါဘူး”  လို့ ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်နဲ့ သရက်တို့ အများဆုံးစိုက်ပျိုးပြီး ရော်ဘာဈေးအခြေအနေကြောင့် ရော်ဘာအစားထိုးအဖြစ် ကွမ်းသီးပင်စိုက်ပျိုးမှုတွေရှိကြောင်း၊ ဒေသထွက်ကွမ်းသီးက နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်တဲ့ အနေအထားလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ကွမ်းသီးအိတ်တအိတ် ၆၅ ပိဿာ ထုတ်ပိုးပြီး မြိတ်-ရန်ကုန်မှတဆင့် အိန္ဒိယနိုင်ငံကို တင်ပို့ရောင်းချနေတယ်လို့ ဦးမြင့်အေးက ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ကွမ်းသီးကို စားသုံးတာအပြင် ကွမ်းသီးကရတဲ့ အဆီအနှစ်အရည်နဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ ကြေးသွန်းဘုရားအရောင်တင်ဆေးတွေ၊ ဂုံနီကော်ဇော အရောင် ဆိုးဆေးတွေ အသုံးပြုတာ များကြတယ်လို့ မြိတ်မြို့ ကမ်းနားလမ်းရှိ ကွမ်းသီးဂိုထောင်တခုမှ ၀န်ထမ်းတဦးက ပြောပါတယ်။ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ မြိတ်ခရိုင်မှ ရန်ကုန်ကို တင်ပို့တဲ့ ကွမ်းသီးတန်ချိန်ပေါင်း ၄၅၆၀၀ တန်ကျော် လောက် ရှိတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ်

A d v e r t i s e m e n t With Us

More News
Up