ဘင်္ဂလားဒေ့ရှ် ကဖေးဝင်စီးမှု နိုင်ငံခြားသား ၂၀ သေ

1K
အကြမ်းဖက်သမားတွေ ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာက ဟိုလေး အာတီစန် စားသောက်ဆိုင်ကို အစိုးရတပ်ဖွဲ့ ၀င်ရောက် စီးနင်းစဉ် ၂၈ ဦးသေဆုံးသွားပါတယ်။
ဒီထဲမှာ နိုင်ငံခြားသား ၂၀ ဦး ပါဝင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ စီးနင်းစဉ် နိုင်ငံခြားသားတွေ ဘယ်လိုသေဆုံးသွားသလဲဆိုတာကိုတော့ မသိရသေးပါဘူး။
သေဆုံးသူတွေက အီတလီနဲ့ ဂျပန်နိုင်ငံသားတွေ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
စီးနင်းရာမှာ သေနတ်သမား ၆ ဦးကို အသေပစ်ခတ်ခဲ့ပြီး သေနတ်သမား ၁ ဦးကို အရှင် ဖမ်းဆီးခဲ့ပါတယ်။ ဒါအပြင် ဘင်္ဂလားဒေ့ရှ် ရဲအရာရှိ ၂ ဦးလည်း သေဆုံးသွားပါတယ်။
သေနတ်သမားတွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ၁၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ကို ကိုးကားပြီး စီအန်အန်သတင်းမှာ ရေးပါတယ်။
ကယ်ထုတ်တဲ့သူတွေထဲမှာ ဒဏ်ရာရ ဂျပန်နိုင်ငံသား တဦးနဲ့ သိရီလကာင်္ နိုင်ငံသား၂ ဦးတို့ ပါဝင်နေသလို ဓားစာခံတွေကလည်း ဒဏ်ရာရထိခိုက်မှုတွေရှိနေပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။
ဓားစာခံဘယ်နှဦးကို ဖမ်းဆီးထားလဲဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။ ဖမ်းဆီးထားတဲ့သူတွေထဲမှာ အီတလီနဲ့ ဂျပန်နိုင်ငံသားတွေလည်း ပါဝင်နေပါတယ်။
ဂျပန်အစိုးရ၀န်ကြီးတဦးရဲ့ အဆိုအရ ဂျပန်နိုင်ငံသားတဦးလည်း ပစ်ခံရပြီး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ စားသောက်ဆိုင်ထဲမှာ တခြား ဂျပန်နိုင်ငံသား ၇ ဦးလည်း ရှိနေသလို အခုထိ ဆက်သွယ်မရသေးဘူးလို့ ပြောပါတယ်။
ဆိုင်ထဲမှာ အီတလီ နိုင်ငံသား ၇ ဦးလည်းရှိနေတယ်လို့ အီတလီ သံအမတ်ကို ကိုးကားပြီး သတင်းတွေမှာ ရေးပါတယ်။
ဇွန် ၁ ရက်က သေနတ်သမားတွေက ဒီစားသောက်ဆိုင်ကို ထိန်းချုပ်ထားပြီး နိုင်ငံခြားသားတွေကို ဓားစာခံတွေအဖြစ် ထိန်းသိမ်းထားပါတယ်။ ဒီနောက် ၁၂ နာရီအကြာမှာ အစိုးရတပ်ဖွဲ့က ၀င်ရောက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။ အစ္စလာမ္မစ်အဖွဲ့ကတော့ ဒါဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒေးလီးစတား သတင်းစာကတော့ လက်နက်ကိုင်တွေက ကိုရန်ကျမ်းစား မဖတ်တတ်တဲ့သူတွေကို နှိပ်စက်ခဲ့တယ်လို့ ရေးပါတယ်။