ယင်းမာပင်မြို့နယ်တွင် နွားများ တရားမ၀င်တင်ဆောင်လာသည့်ကား ဖမ်းမိ
DVB
·
July 1, 2016
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာမြို့နယ်မှာ နွားတွေကို တရားမဝင်ခိုးယူရောင်းချဖို့ သယ်ဆောင်လာတဲ့ ကားတစီးကို ဇူလိုင် ၁ ရက် မနက် ၂ နာရီအချိန်လောက်မှာ ယင်းမာပင်ရဲစခန်းက ဖမ်းဆီးရရှိခဲ့ပါတယ်။
ဖြစ်စဉ်မှာ ယင်းမာပင်မြို့မှာ နေထိုင်တဲ့ ဦးတင်လင်းနဲ့ ဦးဝင်းကြိုင်တို့ဟာ နွားတွေကို တရားမဝင်ရောင်းချဖို့ ကားတစီးနဲ့ တင်ဆောင်လာတယ်လို့ သတင်းအရ ယာကြီး-ကလေးဝ ကားလမ်းရှိ ဘန့်ဘွေးတိုးဂိတ်အနီးမှာ စောင့်ဆိုင်းဖမ်းစီးရမိခဲ့တာလို့ ရဲစခန်းက ပြောပါတယ်။
ဖမ်းစီးရမိခဲ့တဲ့ နွားတွေဟာ အကြီးသေး အရွယ်စားမျိုးစုံဖြစ်ပြီး အကောင်အရေတွက် ၂၁ ကောင်ဖြစ်တယ်လို့ ဆိုပါတယ်။
နွားတွေကို တရားမဝင်ရောင်းဖို့ ၆ ဘီးကားနဲ့ တင်ဆောင်လာသူနှစ်ဦးကို (ပ)၉၇ /၂၀၁၆ အရေးကြီးကုန်ပစ္စည်းတင်ဆောင်မှု ပုဒ်မ ၅ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့ ယင်းမာပင်ရဲစခန်းက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး