A d v e r t i s e m e n t With Us

ထိုင်ဝမ်က တရုတ်ငါးဖမ်းလှေကို ဒုံးဖြင့် မှားယွင်းပစ်ခတ်မှုကြောင့် ၁ ဦးသေ

ဇူလိုင် ၁ ရက်က  ထိုင်ဝမ် စစ်သဘောင်္ပေါ်ကနေ တရုတ် ငါးဖမ်းစက်လှေကို အသံထက်မြန်တဲ့ လေယာဉ်ပစ် ဒုံးနဲ့  မှားယွင်း ပစ်ခတ်မှုကြောင့် ၁ ဦးသေ ၃ ဦး ဒဏ်ရာရသွားပါတယ်။ “လျင်မြန်သော လေ” လို့ အမည်ပေးထားတဲ့ ဒုံးဟာ ၄၅ မိုင်နီးပါး ပျံသန်းသွားခဲ့ပြီး ငါးဖမ်းစက်လှေကို ထိမှန်ကာ ထိုင်ဝမ်ရေလက်ကြားမှာ ထိုးကျသွားတယ်လို့ ထိုင်ဝမ်ရေတပ်က ပြောပါတယ်။ တန် ၆၀ လေးတဲ့ Hsian Li Sheng စက်လှေပေါ်က မာလိန်မှူးက သေဆုံးသွားပြီး စက်လှေပေါ်က ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ မာလိန်မှူး သေဆုံးတာကို အတည်ပြုခဲ့သလို မာလိန်မှူး မိသားစုကို တောင်းပန်တဲ့အကြောင်းနဲ့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့သွားမယ်လို့ ပြောပါတယ်။ ဘာကြောင့်ဒုံးကို ပစ်ခတ်ရသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေမယ့် အမှားအယွင်းတခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ စစ်ရေးလေ့ကျင်နေတဲ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၁၀ မိနစ် ရေတပ်အခြေစိုက် တောင်ပိုင်းမြို့တော် ဆိုင်ရင်းမြို့ကနေ တရုတ်ကို ဦးတည်ပစ်ခတ်လိုက်တာ ဖြစ်ပါတယ်။ ဒုံးက ငါးဖမ်းစက်လှေကို ထိမှန်ခဲ့ပေမယ့် မပေါက်ကွဲခဲ့ဘူးလို့လည်း ထိုင်ဝမ်ရေတပ်က ပြောပါတယ်။ ရေတပ်စစ်သဘောင်္နဲ့ ရဟတ်ယာဉ်တွေကိုလည်း ဒုံးရှာဖွေဖို့ လွှတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီဖြစ်ရပ် တရုတ်ကို အကြောင်းကြားမကြားကိုတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ထိုင်ဝမ်အစိုးရသစ်က တရုတ်နိုင်ငံတခုတည်းဆိုတဲ့ အယူအဆကို အသိအမှတ်ပြုဖို့ ငြင်းဆန်ပြီးတဲ့နောက် တရုတ်နဲ့ ထိုင်ဝမ်အကြား ဆက်ဆံရေးတွေ အေးခဲနေပါတယ်။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ဖြစ်ပြီးတဲ့နောက် ခွဲထွက်သွားပေမယ့် တရုတ်က ထိုင်ဝမ်ကို နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါတယ်။ ထိုင်ဝမ် ကာကွယ်ရေး ၀န်ကြီးရဲ့ အဆိုအရ ထိုင်ဝမ်ကို တရုတ်က ဒုံး ၁၅၀၀ နီးပါး ချိန်ရွယ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up