နိုင်ငံတော်အဆင့် ရှစ်လေးလုံးပြတိုက် တည်ဆောက်မည်
ရွှေအောင်
·
July 1, 2016
ရှစ်လေးလုံးသမိုင်းပြတိုက်ကို တရားဝင် နိုင်ငံတော်အဆင့် အသိအမှတ်ပြု ပေါ်ပေါက်လာနိုင်ရန် လုပ်ဆောင်မှာဖြစ်ပြီး အစိုးရက ကူညီလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ပြတိုက်ဖြစ်မြောက်ရေး ကော်မတီ၊ ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံ ဦးမြင့်အောင်က ပြောပါတယ်။
ပြတိုက်ဖြစ်မြောက်ရေးကော်မတီနဲ့ သာသနာနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုတို့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးမှုအတွင်း ၀န်ကြီးကပြောခဲ့တာလို့ သူက ပြောပါတယ်။
“ကျနော်တို့ဘက်ကနေ ရှစ်လေးလုံးပြတိုက်ကြီးကို တရားဝင် နိုင်ငံတော်အဆင့် အသိအမှတ်ပြု ပေါ်ပေါက်လာရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ ၀န်ကြီး သူရဦးအောင်ကိုကလည်း ရှစ်လေးလုံးသမိုင်းဟာ မြန်မာနိုင်ငံမှာရှိသင့်တဲ့ သမိုင်းတရပ်ဖြစ်တဲ့အတွက် အဲ့လိုမျိုး သမိုင်း ပြတိုက်ကြီး တရပ်ပေါ်ပေါက်လာဖို့ ကိစ္စရပ်နဲ့ ပတ်သက်လို့ သူတို့ဝန်ကြီးဌာနအနေနဲ့ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပါတယ်။”
ကော်မတီအနေနဲ့ ရှစ်လေးလုံးပြတိုက်တည်ဆောက်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဆွေးနွေးခဲ့ပြီးဖြစ်သလို ခုတခါ ပြတိုက်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ၀န်ကြီးဌာနက ၀န်ကြီးနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ပြတိုက်တည်ဆောက်ဖို့ အစိုးရနဲ့ကော်မတီတို့ ပထမဆုံးအကြိမ် စတင်ဆွေးနွေးတာဖြစ်ပြီး ပြတိုက်တည်ဆောက်မယ့်နေရာကိုတော့ ရှစ်လေးလုံးအရေးတော်ပုံ စတင်ဖြစ်တည်ခဲ့တဲ့ နေရာကို ရွေးမယ်လို့ ဆိုပါတယ်။