နောက်ဖေးခြံထဲက အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ အိန္ဒိယက ရေတပ်အင်အား တည်ဆောက်
DVB
·
July 1, 2016
အာဖရိကရဲ့ခြောက်သွေ့ရာသီမှာ မြစ်ရေတွေ ခန်းခြောက်သွားတဲ့အခါ ရေကြံ့တွေဟာ ရေထဲကို စုပြုံတိုးဝှေ့ပြီး အချင်းချင်းအပြင်းအထန်တိုက်ခိုက်ကာ ရေပိုင်နက်လုလေ့ ရှိကြတယ်။ အခုလည်း တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာမှာ သဘာဝသယံဇာတနဲ့ နယ်မြေ ပိုင်ဆိုင်မှုတွေအတွက် နိုင်ငံအချင်းချင်း အလုအယက်ဖြစ်နေကြပုံက အဲဒါနဲ့ ခပ်ဆင် ဆင်တူနေပါတယ်။
တရုတ်က သမိုင်းကြောင်းအရ သူပိုင်ဆိုင်တယ်ဆိုတာကို အခိုင်အမာပြုဖို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်တဲ့ တောင်တရုတ်ပင်လယ်ထဲက ကျွန်းများပေါ်မှာ ဘာကိုမှ အမှုမထားတဲ့ပုံနဲ့ စစ်အခြေစိုက်စခန်းတွေကို တည်ဆောက်နေပါတယ်။ အဲဒီနေရာတွေဟာ တရုတ်ရဲ့ အိမ်နီးချင်းတိုင်းပြည်များကလည်း သူတို့ ပိုင်ဆိုင်ပါတယ်လို့ ကြွေးကြော် ထားကြတဲ့နေရာတွေ ဖြစ်ပါတယ်။
ဟိုတုန်းက ပင်လယ်ဓားပြတွေရဲ့ ပါရာဒိုင်းအရွှေ့တခု ရှိခဲ့တယ်။ အဲဒါက အာဖရိက ဦးချိုဒေသ ဆိုမာလီတဝိုက်ကနေ ကမ္ဘာ့အရေးအကြီးဆုံး ပင်လယ်ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ အရှေ့တောင်အာရှက မလက္ကာရေလက်ကြားဆီကို ရွှေ့ပြောင်းခဲ့တာပါ။
လုံခြုံရေးအရရော ကုန်သွယ်ရေးအရပါ မရှိမဖြစ်လိုအပ်ချက်ကြောင့် အိန္ဒိယအနေနဲ့ ကြည်းတပ်နဲ့ လေတပ်တွေ ခြံရံ အားဖြည့်ထားတဲ့ ရေကြောင်းကာကွယ်ရေး မဟာဗျူဟာကို ပြန်လည်သုံးသပ်ဖို့ လုပ်ရပါတော့တယ်။
အနာဂတ်စိန်ခေါ်လာနိုင်မှုတွေကို မျှော်တွေးပြီး အိန္ဒိယနိုင်ငံရဲ့ နောက်ဖေးခြံဖြစ်တဲ့ ကျယ်ပြောလှတဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ အိန္ဒိယရေတပ်မတော် ခေတ်မှီရေးအတွက် အပြင်းအထန် လုံးပမ်းနေပြီ ဖြစ်ပါတယ်။ အိန္ဒိယရေတပ်ကို ဒီလို တည်ဆောက်ဖို့ စေ့ဆော်တဲ့ အချက်အလက်တွေကတော့၊ အိန္ဒိယသမုဒ္ဒရာထဲမှာ တရုတ်ရဲ့ ပါဝင် ပတ်သက်မှု ကြီးထွားလာနေတာ၊ အိန္ဒိယရဲ့ နိုင်ငံတကာကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာနေတာနဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံဆီက အကြမ်းဖက်လှုပ်ရှားမှုတွေ ထွက်လာနေတာ စတာတွေဘဲ ဖြစ်ပါတယ်။
ဒါကြောင့် အိန္ဒိယအနေနဲ့ ဒေသဆိုင်ရာလုံခြုံရေး အာမခံချက်ပေးသူအဖြစ် သင့်တော်သူဖြစ်ကြောင်း ပြသဖို့ စိတ်အားထက်သန်နေပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ ပုံမှန် ရေတပ်ပူးတွဲလေ့ကျင့်ရေးများကို နိုင်ငံတချို့နဲ့ လုပ်ဆောင်လေ့ ရှိပါတယ်။ လွန်ခဲ့တဲ့လတချို့တုန်းက “မာလာဘာ” လို့ခေါ်တဲ့ ၃ ပွင့်ဆိုင် ပူးတွဲရေတပ်လေ့ကျင့်မှုကို အမေရိကန်၊ ဂျပန်ရေတပ်တွေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် အရင်က မလုပ်ခဲ့ဘူးတဲ့ နိုင်ငံတကာ ရေတပ် ပြန်လည်သုံးသပ်ရေး International Fleet Review (IFR) လို့ ခေါ်ဆိုတဲ့ ၅ ရက်ကြာ ဧရာမ ဘက်စုံ ရေတပ်လေ့ကျင့်ရေးဟာ ဖေဖော်ဝါရီ ၈ ရက်နေ့က အိန္ဒိယနိုင်ငံရဲ့ ဗစ်ရှ်ဟကာပတ်နမ်ဆိပ်ကမ်းမြို့မှာ ပြီးဆုံးခဲ့ပါပြီ။ အဲဒီပွဲမှာ အမေရိကန်၊ တရုတ်၊၊ ဗြိတိန်၊ သြစတြေးလျ၊ ပြင်သစ်၊ ကနေဒါ၊ ရုရှား၊ တောင်အာဖရိက၊ ဂျပန်၊ တောင်ကိုရီးယား၊ ပီရူး၊ ချီလီ၊ ကိုလံဘီယာနဲ့ ဘရာဇီးတို့အပါအဝင် နိုင်ငံစုံက စစ်သင်္ဘော ၉၀ နဲ့ လေယာဉ်အစီး ၆၀ တို့ပါဝင်ခဲ့ပါတယ်။
အိန္ဒိယအစိုးရအရာရှိတချို့နဲ့ သီးသန့်စကားပြောကြတဲ့အခါ သူတို့က “အိန္ဒိယအနေနဲ့ အိုင်အက်ဖ်အာရ်ကို အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်ခြင်းအားဖြင့် ပါဝင်တဲ့နိုင်ငံတွေအားလုံး အတူ လက်တွဲပြီး ပင်လယ်ပြင်မှာ ဖြစ်ပွားတဲ့ လူသားများရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကို တိုက်ပွဲဝင်သွားပြီး ဒေသတွင်း စည်းလုံးညီညွတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုတိုးတက်ရရှိဖို့ ရည်ရွယ်တယ်လို့ ကျနော်ကို ပြောပြပါတယ်။
ဒါပေမဲ့ အိုင်အက်ဖ်အာရ်မှာ ပါဝင်သူတဦးဖြစ်တဲ့ တရုတ်နိုင်ငံက တခြားနိုင်ငံတွေအပေါ် ကြည့်မြင်တာနဲ့ သူကိုတခြားနိုင်ငံတွေက ကြည့်မြင်မှုမှာတော့ သံသယတွေအပြည့်နဲ့ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ နောက်လအနည်းငယ်အကြာ ဂျပန်က အိမ်ရှင်အဖြစ် လက်ခံပြုလုပ်မဲ့ အိုင်အက်ဖ်အာရ် လေ့ကျင့်ရေးကို ပါဝင်ဖွယ်မရှိဘူးလို့ သုံးသပ်ကြပါတယ်။
ရေတပ်တွေ အသုံးပြုပြီး ဒီလို လေ့ကျင့်တာကို စည်းလုံးညီညွတ်မှုအတွက် အချက်အလက်အဖြစ် အိန္ဒိယက ပြောနေစဉ်မှာ (“အငြင်းပွားမှုတွေကြောင့် စိတ်ဝမ်းကွဲပြားနေတဲ့ နိုင်ငံတွေကို ညီညွတ်စေခြင်း” လို့ ပြောတယ်။) အိုင်အက်ဖ်အာရ်အတွင်း မဟာဗျူဟာအရ အမြင်မတူညီမှုတွေကိုတော့ လစ်လျူရှုလို့ မရနိုင်ပါ။ အိန္ဒိယအနေနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း ရေတပ်လှုပ်ရှားမှုများ တိုးများလာတာနဲ့ ပတ်သက်ပြီး အလေးအနက်စောင့်ကြည့်နေပြီး ဒေသရဲ့ လုံခြုံရေးအတွက် အာမခံနိုင်သူအမှန် ဖြစ်တယ်ဆိုတာ သက်သေထူဖို့ စိတ်အား ထက်သန်နေပါတယ်။ ဒီစဉ်းစားတွေးခေါ်မှုတွေကို ၂၀၁၅ ခုနှစ်အောက်တိုဘာလက ထုတ်ပြန်တဲ့ အိန္ဒိယရေတပ်မတော်ရဲ့ “ရေကြောင်းဆိုင်ရာ မဟာဗျူဟာသစ်” စာတမ်းမှာ အထင်အရှား မြင်တွေ့နိုင်ပါတယ်။
အိန္ဒိယရေတပ်မတော်မှာ “အေရီဟန့်” လို့ခေါ်တဲ့ အိန္ဒိယလုပ် တိုက်ချင်းပစ်ဒုံးပျံတပ် နျူးကလီးယားရေငုပ် သင်္ဘောတစီး ရှိပါတယ်။ ရှိပြီးသား ဗိုက်ကရင့် လေယာဉ်တင်သင်္ဘောကို အားဖြည့်ဖို့ နောက်ထပ် လေယာဉ်တင်သင်္ဘော ၄ စီးကိုလည်း ထပ်ဖြည့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
သမုဒ္ဒရာအတွင်း ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအထွေထွေလုပ်ငန်း တာဝန်တွေ ထမ်းဆောင်ရင်း ထူးခြားတဲ့အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်စွမ်းရှိတဲ့ (တချို့သေနင်္ဂဗျူဟာသမား တွေပြောတဲ့) “စမတ်သင်္ဘော”တွေကို အိန္ဒိယရေတပ်မတော်အနေနဲ့ လိုချင်နေပါတယ်။
အက်ဒမန်နဲ့ နီကိုဘာကျွန်းများမှာ ရှိတဲ့ အိန္ဒိယရေတပ်အခြေစိုက်စခန်းများတဝိုက် ပြီးခဲ့တဲ့ ရေတပ်စစ်ရေးပြပွဲမှာ ဒီအချက်ကို ထင်ထင်ရှားရှား တွေ့ရတယ်။ အဲဒီမှာ P81 ရေကြောင်း ကင်းလှည့်လေယာဉ်ကို ဒီကျွန်းများတဝိုက်မှာ တာဝန်ချထားခဲ့တော့ တရုပ်ရေငုပ်သင်္ဘောတစီး အိန္ဒိယရေပြင်ထဲ ဝင်ရောက်လာတာကို နောက်ယောင်ခံမိတယ်။ တရုတ်ရေငုပ်သင်္ဘောက အိန္ဒိယ ရေပိုင်နက်ထဲကို မတော်တဆ ဝင်ရောက်မိတာပါလို့ လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။
မကြာသေးခင်က ထုတ်ဝေတဲ့ အိန္ဒိယရဲ့ ရေကြောင်းဆိုင်ရာစွမ်းရည်တွေနဲ့ တမူ ထူးခြားချက်တွေအကြောင်း ရေးသားထားတဲ့ “၂၁ရာစု အိန္ဒိယအတွက် ရေကြောင်းဆိုင်ရာ စိန်ခေါ်မှုများအပေါ် သံတမန်ရေးဆိုင်ရာ ရှု့ထောင့်များ” ဆိုတဲ့စာအုပ်မှာ အိန္ဒိယနိုင်ငံက သူ့ရဲ့ ရေတပ်အင်အားတိုးချဲ့မှုအပေါ် အလေးထားမှု နောက်ကွယ်မှာရှိတဲ့ ပင်လယ်ပြင်များအပေါ် အိန္ဒိယရဲ့ ရည်မှန်းးချက်ကြီးမားပုံနဲ့ သေနင်္ဂဗျူဟာစဉ်းစားတွေးခေါ်မှုကို မီးမောင်းထိုး ပြထားပါ တယ်။ စာအုပ်က ယိုဂျင်ဒြာ ကူးမား ဆိုတဲ့ အိန္ဒိယသမုဒ္ဒရာရေကြောင်းလုံခြုံရေး ဆိုင်ရာ ကိစ္စ၊ အထူးသဖြင့် တောင်တရုတ်ပင်လယ်ပြင်အကြောင်း ကောင်းကောင်းနားလည်သိကျွမ်းတဲ့ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်းက ရေးထားတာပါ။
စာအုပ်ထဲမှာ ရှေးတုန်းက အိန္ဒိယရဲ့ ရေကြောင်းဆိုင်ရာ ဂုဏ်သရေရှိ နိုင်ငံဘဝကို ပြန်လည်ရရှိဖို့ ကြိုးပမ်း အားထုတ်နေပုံကို ဖော်ပြပြီး ကူးမားက စာဖတ်သူတွေကို အိန္ဒိယရဲ့ အတိတ်ကနေ အနာဂတ်ကာလထိ ဆွဲခေါ်သွားပါတယ်။ စာအုပ်ထဲမှာ ဗြိတိသျှကိုလိုနီစနစ် ပါဝါရဲ့ ချုပ်ချယ်ကန့်သတ်ခံရမှု အကျိုးဆက်ကြောင့် “ရေကြောင်းဆိုင်ရာ မျက်ကန်းဖြစ်မှု အမွေဆိုး” ဆိုတာကို အိန္ဒိယနိုင်ငံက ချေဖျက်ဖို့ ကြိုးပမ်းထားချက်ကိုလည်း ချယ်မှုန်းထားပါသေးတယ်။ ဗြိတိသျှတွေကတော့ အိန္ဒိယသမုဒ္ဒရာကို ဗြိတိသျှ ရေတပ်ဦးစီးချုပ်တယောက် လက်အောက်က “ “ဗြိတိသျှရေကန်” တခုအဖြစ် သဘောထားတာပါ။
ဒဏ်ရာအနာတရဖြစ်နေတဲ့ ဒီမာနကဘဲ အိန္ဒိယကို နိုင်ငံတကာအခန်းကဏ္ဍပေါ်မှာ ခိုင်ခိုင်မာမာသန္နိဌာန် ချစေဖို့ နှိုးဆွပေးခဲ့တာပါ။
၁၉၄၇ ခုနှစ် ဗြိတိသျှတွေလက်အောက်က လွတ်လပ်ရေးရပြီးနောက်မှာ အိန္ဒိယဟာ ကမ်းခြေစောင့်တပ်ဖွဲ့၊ ကမ်းရိုးတန်းရဲတပ်ဖွဲ့၊ သင်္ဘောတည်ဆောက်ရေးနဲ့ ပင်လယ်သမုဒ္ဒရာဆိုင်ရာ အစိုးရဌာနတွေအပါအဝင် ရေကြောင်းပိုင်ဆိုင်မှုတွေကို ပြင်ဆင်တာ၊ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာ အဲဒီတုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ရောဘတ်ဂိတ်က အိန္ဒိယဟာ အဲဒီဒေသ လုံခြုံရေးကို ထောက်ပံ့တဲ့သူဖြစ်လာသင့်တယ်ဆိုတာ ပြောခဲ့ပါတယ်။ အမှန်စင်စစ်တော့ ဝါရှင်တန်က အိန္ဒိယကို “အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ရေကြောင်းဆိုင်ရာ လုံခြုံရေးသေနင်္ဂဗျူဟာ”လို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားသလို အဲဒီဒေသရဲ့ လုံခြုံရေးဆိုင်ရာ ထောက်ပံ့သူဆိုတဲ့ အခန်းကဏ္ဍကို ယူဖို့ တိတ်တိတ်ကလေး အားပေးနေတာပါ။
အိန္ဒိယအနေနဲ့ သူ့ရဲ့နောက်ဖေးခြံကို ထိန်းသိမ်းထားနိုင်ဖို့ စွန့်စားနိုင်ပါ့မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်တရုတ်ပင်လယ်ထဲက ကျွန်းများပိုင်ဆိုင်ကြောင်း ကြွေးကြော်မှုနဲ့ ပတ်သက်တဲ့ကိစ္စမှာ အရှေ့တောင်အာရှက ပါတနာများနဲ့ လက်တွဲရမှာကို တာဝန်မဲ့ရှောင်ပြေးမှာ မဟုတ်ကြောင်း အခိုင်အမာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
ပင်လယ်ရေပြာကို စိုးမိုးနိုင်သူ ဖြစ်လိုတာရယ်၊ အာရှ လုံခြုံရေးကို ပံ့ပိုးသူဖြစ်ချင်တာရယ် ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ အိန္ဒိယသမုဒ္ဒရာအနားသတ်တလျှောက် သူ့ရဲ့ရေတပ်တည်ရှိလာမှုက တဆင့် ထဲထဲဝင်ဝင်မို့ ပါဝင်ပတ်သက်လာလိမ့်မယ်လို့ မျှော်လင့်ရကြောင်းပါ။
ရဲထွန်း (သီပေါ)
မန်နစ် မီထာ - (မန်နစ် မီထာ သည် နယူးယောက်၊ နယူးဂျာစီ အခြေစိုက် ဂျာနယ်လစ် တယောက် ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ စီးပွားရေးလုပ်ငန်းကိုင်ငန်းနဲ့ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများကို နှစ်ပေါင်း ၂၀ မျှ ရေးသားနေသူတယောက် ဖြစ်ပါသည်။)
Sentinelblog တွင် ဖော်ပြထားသော Manik Mehta ၏ India Builds Naval Strength to Meet Future Challenges in Its ‘Backyard’ ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။