လေလွင့်ကလေးများ၊ ခိုကိုးရာမဲ့ဘိုးဘွားများပပျောက်ရေး စတင်

ရက် ၁၀၀ အတွင်း လေလွင့်ကလေးငယ်တွေ၊ ခိုကိုးရာမဲ့ဘိုးဘွားတွေ၊ မသန်စွမ်းတွေပပျောက်ဖို့ ပထမဆုံးစီမံချက်အဖြစ် ကနဦးအနေနဲ့ ရန်ကုန်၊ မန္တလေးကိုအစပြုလိုက်တာဖြစ်ပြီး ရရှိလာတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်လို့ သိရပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့နဲ့ ပူးပေါင်းပြီး လမ်းပေါ်နေ ကလေး တွေ၊ ခိုကိုးရာမဲ့ကလေးတွေ၊ ခိုကိုးရာမဲ့သက်ကြီးရွယ်အိုတွေနဲ့ အကူညီမဲ့နေတဲ့ မသန်စွမ်းတွေ အတွက် ကူညီစောင့်ရှောက်နိုင်ရေး၊ ပြုစုပျိုးထောက်နိုင်ရေးအတွက် နည်းလမ်းတွေကို စတင် ဆောင်ရွက်နေပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
“ရက် ၁၀၀ စီမံချက်မှာ လမ်းပေါ်နေကလေးများကို ကျနော်တို့ဘယ်လိုရှေ့လျှောက် စောင့်ရှောက် မယ်ဆိုတဲ့ ကိစ္စရှိတယ်။ လမ်းပေါ်နေကလေးများ၊ ခိုကိုးရာမဲ့ ကလေးတွေ၊ ခိုးကိုးရာမဲ့ သက်ကြီး ရွယ်အိုတွေ၊ အကူညီမဲ့နေတဲ့ မသန်စွမ်းတွေ ဒါတွေရှိကြတယ်။ အဲ့ဒီ ရှိတဲ့သူတွေက လမ်းပေါ် ရောက်နေကြတယ်။ လမ်းပေါ်မှာရောက်နေတဲ့သူတွေကို ကျနော်တို့က စနစ်တကျ ကျနော်တို့ ပြန်စုပျိုးထောင်မယ်။ သက်ဆိုင်ရာနေရာအလိုက်ကို ပြုစုပျိုးထောင်တဲ့ ဌာနတွေရှိတယ်။ ကလေး သူငယ်စောင့်ရှောက်ရေးဌာနတို့၊ အမျိုးသမီးစောင့်ရှောက်ရေးဌာနတို့၊ ဒီဌာနတွေပို့ပြီး ဆောင်ရွက်မယ့် စီမံချက်ကျနော်တို့မှာရှိတယ်။ ဒါကို ရန်ကုန်တိုင်းမှာလည်း ဆွေးနွေးပြီးပြီ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အခုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ သွားရောက်ဆွေးနွေးမှာ ဖြစ်တယ်။ နေပြည်တော်မှာလည်းကျနော်တို့ပါတယ်”လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါ တယ်။
အခုလိုဆောင်ရွက်ခြင်းအားဖြင့် ရန်ကုန်၊ မန္တလေးမြို့မှာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် တွေကို ငွေကြေးတောင်းခံခိုင်းတာတွေလည်းပပျောက်သွားနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆက်ပြောပါတယ်။
“ကျနော်တို့နည်းလမ်းတွေကို ဖော်ထုတ်ရင်းကနေ ဒီကိစ္စတွေရှင်းလာမယ်။ တဖြည်းဖြည်းနဲ့ ပေါ်လာမယ်။ အခြေခံအကြောင်းအရင်းတွေပေါ်လာမယ်။ ဘာဖြစ်လို့လမ်းပေါ်ရောက်နေတာ လဲ။ သူတို့သဘောနဲ့ လာလုပ်တာလား။ အဖွဲ့အစည်းတွေနဲ့ ဒီလိုမျိုးပဲဖြစ်နေတာလား။ အခိုင်းခံ နေရတာလား။ ဒါတွေအကုန်လုံးပေါ်ပေါက်လာတဲ့အခါမှာ ဒီဟာတွေကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်”လို့ ဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ပြီးခဲ့တဲ့လက လမ်းပေါ်နေကလေးများ၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများပပျောက်ရေးနည်းလမ်းတွေ ဆောင်ရွက်ဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံခဲ့သလို အခုရက်ပိုင်းမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။