A d v e r t i s e m e n t With Us

မိုးညိုမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၅၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်း

မိုးညိုမြို့နယ်ထဲမှာ ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၅၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းနေရပြီး နေထိုင်ဖို့  အခက်အခဲဖြစ်နေကြပါတယ်။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ထဲက အင်းတော်တလုပ်ကျေးရွာနဲ့ မကျီးကုန်းကျေးရွာ ၂ ရွာဟာ  မြစ်မခမြစ်ကမ်းပါး ပြိုကျမှုဟာ နှစ်စဉ်ဖြစ်နေပြီး  တနှစ်ကို တအိမ်၊ နှစ်အိမ် ပြိုကျနေတယ်လို့ ဒေသခံ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း ရေကြီးနစ်မြုပ်ပြီး အိမ် ၁၀၀ ကျော်ရေထဲမျောပါသွားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက  စပြီး တဖြည်းဖြည်း ကမ်းပါးပြိုကျမူတွေ ဖြစ်ခဲ့တာပါ။ အခုနှစ် ဇွန် ၁ ရက်ကနေ ၇ရက်နေ့ထိ အိမ် ၆၀ လောက်ဖျက်လိုက်ရပြီး ၇ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ ရွာ ၂ ရွာလုံးက အိမ် ၅၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်းလိုက်ရတာပါ။ ဒီဒေသက နှစ်စဉ် ဇွန်၊ ဇူလိုင်လတွေမှာ ရေကြီးမှုတွေဖြစ်ပေါ်ပြီး အနည်းဆုံး ၂ လ၊ ၃ လကြာအောင် ရေကြီးမှုတွေဖြစ်ပေါ်တဲ့ဒေသလည်း ဖြစ်ပါတယ်။ ရေကျသွားချိန်မှာတော့ ကမ်းပါးပြိုမှုတွေက အမြဲတန်းလိုလိုဖြစ်ပေါ်နေပြီး ဒီနှ်စ်ပြိုကျမှုကတော့ အဆိုးဆုံးဖြစ်တယ်လို့ ဒေသခံ ဒီဗွီဘီသတင်းထောက်ကဆိုပါတယ်။ ဒီရွာ ၂ ရွာမှာ မူလတန်းကျောင်း ၂ ကျောင်းနဲ့ စေတီ ၈ ဆူတို့ ထပ်မံဖယ်ပေးရမယ့် အခြေအနေကြောင့် ဒေသခံတွေကလည်း စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ အဲဒီမြစ်မခမြစ်ဟာ ဧရာဝတီမြစ်ရဲ့မြစ်လက်တက်ခွဲတခုဖြစ်ပြီး လှိုင်မြစ်ထဲကို စီးဝင်တဲ့ မြစ်လည်းဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - မင်းညို  

A d v e r t i s e m e n t With Us

More News
Up