တရုတ်ရထားပေါ် ဖုန်းသူခိုးထင်ပြီး မှားယွင်းရိုက်နှက်သည့်ရုပ်သံ ပျံ့နှံ့

တရုတ်နိုင်ငံမှာ အများပြည်သူသုံး မြေအောက်ရထားတစင်းပေါ်မှာ ဇွန်လ ၂၈ ရက်နေ့က ဖုန်းသူခိုးတဦးထင်ပြီး မှားယွင်းရိုက်နှက်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ဝေဘို တရုတ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဒါပေမယ့် သူခိုးလို့ စွပ်စွဲခံရသူဟာ ခိုးယူခံရတဲ့ဖုန်းနဲ့ ဆင်တူတဲ့ဖုန်းကို ကိုင်ထား သူဖြစ်နေခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ကြမ်းပြင်ပေါ်မှာ ရှိနေသူအမျိုးသားကို ဖုန်းပိုင်ရှင်က မျက်နှာကို ထိုးနှက်ခဲ့ကာ ဖုန်းကို တောင်းနေခဲ့တာဖြစ်ပြီး မှားယွင်းရိုက်နှက်ခံရသူအမျိုးသားက “ကူညီကြပါဦး။ ရဲကိုကျေးဇူးပြုပြီး ခေါ်ပေးကြပါ” လို့ ပြောပြီး အော်ဟစ်ငိုယိုနေခဲ့တာပါ။
အနီးနားက မျက်မြင်တွေ့ရှိတဲ့ ခရီးသည်တချို့က ကူညီဖို့ ကြိုးစားခဲ့ကြပေမယ့် တချို့ကတော့ အဖြစ်အပျက်ကို မှတ်တမ်းတင်ခဲ့ကြတာပါ။ ဒါပေမယ့် တယောက်မှ ရဲကို မခေါ်ခဲ့ကြပါဘူး။
ဧပရယ်အမည်နဲ့ အင်တာနက်အသုံးပြုသူတဦးက ဒီရုပ်သံဗွီဒီယိုဖိုင်ကို အင်တာ နက်စာမျက်နှာပေါ် တင်ခဲ့ချိန်မှာတော့ ဝေဖန်မှုတွေ များစွာထွက်ပေါ်လာခဲ့ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာတော့ “အဲဒီလူက ဘာတခုမှ အရင်မမေးပဲ ရိုက်နေရတာလဲ။ သူဟာ ဦးနှောက်သုံးရမယ့်အစား လက်သီးစွမ်းပြချင်နေတာလား” လို့ ရေးခဲ့တာပါ။