ယူအန်အက်ဖ်စီနှင့် ဒေါက်တာတင်မျိုးဝင်းတို့ မနက်ဖြန် ရန်ကုန်တွင် ဆွေးနွေးမည်
DVB
·
June 30, 2016
တနိုင်ငံလုံးအပစ်မရပ်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီတို့ မနက်ဖြန် ဇူလိုင်လ ၁ ရက်နေ့ ရန်ကုန်မြို့မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုဟာ အစိုးရသစ်လက်ထက်မှာ အပစ်မရပ်ကြသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) နဲ့ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအကြိုပြင်ဆင်ရေးကော်မီတီဝင်တွေဟာ ရန်ကုန်ရှိ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်း ရေးဗဟိုဌာနချုပ် (NRPC) ရုံးမှာ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့အဖွဲ့ဟာ ယူအန်အက်ဖ်စီက ကိုယ်စားလှယ်တွေကို ဇွန်လ ၃ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ပါသေးတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီက ထုတ်ပြန်ချက်မှာ ဒီတွေ့ဆုံပွဲဟာ ဇွန်လဆန်းဆွေးနွေးပွဲ အကြောင်းအရာတွေရဲ့ နောက်ဆက်တွဲကိစ္စရပ်တွေကို အပါအ၀င် တရားဝင်တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တွေကို ဆွေးနွေးမယ်လို့ဆိုပါတယ်။
ပြီးတဲ့ ဇွန်လ ၃ ရက်နေ့က တွေ့ဆုံပွဲတုန်းက ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ဖို့ အတွက် အစိုးရနဲ့တပ်မတော်က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပြီး တတိုင်းပြည်လုံးစစ်ရပ်စဲရေး ကြေညာပေးဖို့ UNFC ဘက်က တောင်းဆိုခဲ့ပါတယ်။
၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံကို သြဂုတ်လနောက်ဆုံးပတ်ထက်မကျော်ပဲ စတင်ကျင်းပကြဖို့ အစိုးရနဲ့ အန်စီအေလက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့အကြား လွန်ခဲ့တဲ့ရက်ပကိုင်းက ဆွေးနွေးပွဲမှာ မူအရသဘောတူညီချက်ရရှိခဲ့ပါတယ်။
အစိုးရဘက်က နာဂအဖွဲ့နဲ့လည်း လာမယ့်ရက်ပိုင်းမှာ တွေ့ဆုံဖို့ရှိနေပြီး တအာင်း ပလောင်တပ်မတော်၊ ရခိုင်တပ်မတော်နဲ့၊ ကိုးကန့်တပ်မတော်တို့ကိုတော့ အန်စီအေလက်မှတ် ရေးထိုးခွင့်ကို တပ်မတော် ဘက်က ငြင်းဆန်ထားဆဲဖြစ်ပါတယ်။