Home
မြန်မာသတင်း
မွန်နှင့်ကရင်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ ဖွဲ့စည်း
နော်နိုရင်း
·
June 30, 2016
မွန်နဲ့ ကရင်ပြည်နယ် ၂ ခုမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီတွေကို ဖွဲ့စည်းလိုက်ကြပါတယ်။ မွန်ပြည်နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ မွန်ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ဒီကနေ့ ဖွဲ့စည်းခဲ့ပါတယ်။ ပြည်နယ်အဆင့်မှာ အစိုးရအဖွဲ့အစည်းက ၅ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ၅ ဦး၊ အရပ်သားကိုယ်စားလှယ် ၄ ဦးတို့နဲ့ ဖွဲ့စည်းတာလို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးကိုက ပြောပါတယ်။ “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အန်စီအေရဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေပါ။ ပထမဆုံ အန်စီအေ ကြေညာချက် ရဖို့အတွက်ကို တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ၂ နှစ်လောက်အချိန်ယူပြီးတော့ ဆွေးနွေးပြီးနောက်ပိုင်းမှာ သဘောတူ လက်မှတ်ထိုးတဲ့အခါကျတော့ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့လက်မှတ်ထိုးထားတာ ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲကော်မတီ (JMC) ဖွဲ့စည်းဖို့ ရှိပါတယ်။ အဲတော့ ကျနော်တို့က ပြည်ထောင်စုအဆင့် JMC-U ဖွဲ့စည်းပြီးတဲ့ နောက်ပိုင်းမှာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးထားတဲ့ဒေသတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့် S –level ဖွဲ့စည်းမှုတွေ လုပ်လာခဲ့တာဟာ ရှမ်းပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီးက ဖွဲ့စည်းပြီး သွားပါပြီ။ မနေ့က ကရင်ပြည်နယ် ဖွဲ့စည်းမှုအခမ်းအနားတွေ၊ ဒီနေ့ မွန်ပြည်နယ် ဖွဲ့စည်းမှု အခမ်းအနားတွေ ဆက်ပြီးတော့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ” မနေ့ကလည်း ကရင်ပြည်နယ်အဆင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ဘားအံမြို့ အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည်ရေးကော်မတီ JMC မှာ အစိုးရဘက်က ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေနဲ့  အရပ်သား ကိုယ်စားလှယ်တွေ စုပေါင်းဖွဲ့စည်းထားပါတယ်။ ပြည်ထောင်စုအဆင့်မှာကတော့ အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ် ၁၀ ဦးစီနဲ့ အရပ်သားကိုယ်စားလှယ် ၆ ဦး စုစုပေါင်း ၂၆ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ကိုယ်စားလှယ်တွေကိုတော့ အစိုးရဘက်က ကိုယ်စားလှယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ် ၅ ဦးစီနဲ့  အရပ်သားကိုယ်စားလှယ် ၄ ဦး စုစုပေါင်း ၁၄ ဦးစီ ဖွဲ့စည်းထားတာပါ။ ပြည်နယ်အဆင့်တွေ ဖွဲ့စည်းပြီးသွားရင်တော့ ဒေသဆိုင်ရာအဖွဲ့တွေ ဆက်လက်ဖွဲ့စည်းဖို့ ရှိပါတယ်။ ဒေသဆိုင်ရာအဖွဲ့ကိုတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ် ၃ ဦးစီနဲ့ အရပ်သားကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၈ ဦး ဖွဲ့စည်းသွားဖို့ရှိတယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။ လက်ရှိ မွန်နဲ့ ကရင်ပြည်နယ်အဆင့် ဖွဲ့ပြီးသွားပြီဖြစ်တဲ့အတွက် ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ချင်းပြည်နယ်ကို သွားရောက်ပြီး ဖွဲ့စည်းဖို့ရှိတယ်လို့လည်း ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီဟာ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးနောက်ပိုင်း နှစ်ဖက်အဖွဲ့တွေက ချိုးဖောက်မှု ရှိမရှိ လေ့လာစောင်ကြည့်မှာဖြစ်ပြီး ပြဿနာတွေ ဖြစ်လာရင်လည်း ချက်ချင်းဖြေရှင်းနိုင်အောင် လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။ “ကျနော်တို့ အရင်ကလည်း ပစ်ခတ်ရပ်စဲရေးတွေလုပ်တယ်။ ဒါပေမယ့် စောင့်ကြည်တဲ့ လုပ်ငန်းစဉ် ခိုင်ခိုင်မာမာ မရှိခဲ့ဘူး။ မကြာခဏ ချိုးဖောက်တာတွေရှိခဲ့တယ်။ အခုကတော့ အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်တဲ့အဖွဲတွေ ပေါ်လာတဲ့အခါကျတော့ လက်ရှိ လက်မှတ်ရေးထိုး ထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်နဲ့ နှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ်တွေ ချိုးဖောက်မှု ရှိမရှိကို ဒေသဆိုင်ရာအဆင့်၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ ကျနော်တို့အဆင့်အလိုက် စောင့်ကြည့်လေ့လာသွားမယ်။ နောက်ပြီးတော့ ပြဿနာဖြစ်ရင်လည်း ချက်ချင်း ဖြေရှင်းနိုင်ဖို့ အတွက်ကို နှစ်ဖက်တပ်မှူးတွေကြားထဲမှာ တိုက်ရိုက်ဆက်ဆံမှုတွေ အစည်းအဝေးတွေကနေ တဆင့် ပြဿနာတွေကို မကြီးထွားအောင်၊ နောက် ဒီလိုပြဿနာတွေ ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့စနစ်ကို တည်ဆောက်ရမှာဖြစ်ပါတယ်။” ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရကြား  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုးပြီးနောက်ပိုင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွှဲ စောင့်ကြည့်ရေး ကော်မတီအဖွဲ့ ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024