ပစိဖိတ်ဒေသမြောက်ပိုင်းမှာ အမေရိကန်မရိမ်းတပ်ဖွဲ့အင်အား တိုးချဲ့မည်

ပစိဖိတ်မြောက်ပိုင်းဒေသမှာ မရိမ်းတပ်ဖွဲ့ဝင် ၂၀၀၀ တိုးမြှင့်ဖြန့်ကျက်မယ်လို့ အမေရိကန် မရိမ်းတပ်ဖွဲ့ အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။
ဒီတပ်ဖွဲ့ဟာ အမေရိကန်ရေတပ်ရဲ့ ကုန်းတွင်း၊ ရေပြင် နှစ်သွယ်စစ်ဆင်ရေးအုပ်စုနဲ့ တွဲဖက်လုပ်ကိုင်ဖို့ဖြစ်ပြီး ၂ နှစ် ၃ နှစ်အတွင်း ဖွဲ့စည်းသွားမယ်လို့ အမေရိကန်မရိမ်းတပ်ဖွဲ့က ဒုတိယဗိုလ်ချုပ်ကြီး ဂျွန်ဝစ္စလာက ၀ါရှင်တန်မှာ ဇွန် ၂၉ ရက်နေ့က ပြောဆိုချက်ကို ဂျပန်အန်အိပ်ခ်ျကေသတင်းက ရေးပါတယ်။
အခုဖွဲ့စည်းမယ့် ဒီတပ်ဖွဲ့နဲ့ အလားတူ အမေရိကန်မရိမ်းတပ်ဖွဲ့ကို ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါစီရင်စုမှာ တပ်စွဲထားပြီး နဂါစကီမှာ ရေတပ်လက်အောက်က ကုန်းရေနှစ်သွယ်သွားယာဉ်တွေကို ဖြန့်ကျက်ထားပါတယ်။
အနာဂတ်ကာလမှာ အိုကီနာဝါအခြေစိုက်ယူနစ်ဟာ အာရှအရှေ့မြောက်ကို အဓိက တာဝန်ယူမှာဖြစ်ကြောင်းနဲ့ တပ်ဖွဲ့အသစ်ဟာ အာရှတောင်ပိုင်းကို ကင်းလှည့်မှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ၀စ္စလာက ပြောပါတယ်။
တပ်ဖွဲ့ဝင်တွေကို စုဖွဲ့တဲ့အခါ အမေရိကန်ပြည်ထောင်စုက တပ်ဖွဲ့ဝင်တွေ သို့မဟုတ် အိုကီနာဝါအခြေပြုတပ်ဖွဲ့ဝင်တွေကို အခြေပြုစုဖွဲ့ဖြစ်မလားဆိုတဲ့ အသေးစိတ်တွေကတော့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက မရိမ်းတပ်ဖွဲ့တွေကို သြစတေးလျမြောက်ပိုင်းဒေသမှာ ၂၀၁၂ ခုနှစ်မှာ ဖြန့်ကျက်ခဲ့ပြီး အာရှ-ပစိတ်ဖိတ်ဒေသကို မဏ္ဍိုင်ပြုဖွဲ့စည်းတာလို့ ဆိုထားပါတယ်။
ဒီအစီအစဉ်သစ်ဟာ တောင်တရုတ်ပင်လယ်နဲ့ တခြားဒေသတွေမှာ ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတဲ့ တရုတ်နိုင်ငံကို ၀ါရှင်တန်က ဖိအားပေးဖို့ ကြိုးပမ်းမှုတရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။