A d v e r t i s e m e n t With Us

ဗီယက်နမ်လုပ်သားများ ထိုင်းနိုင်ငံသို့ စက်တင်ဘာတွင် စေလွှတ်မည်

ထိုင်းနိုင်ငံက ဆောက်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေအတွက် ဗီယက်နမ်အလုပ်သမားတွေကို လာမယ့်စက်တင်ဘာကစပြီး စေလွှတ်နိုင်မယ်လို့ ဘန်ကောက်မှာ ကျင်းပတဲ့ ကွန်ဖရင့်မှာ ထိုင်း အလုပ်သမားအရာရှိတွေက ပြောပါတယ်။ လာမယ့်သီတင်းပတ်ကျရင် ထိုင်းအေဂျင်စီတွေစုဝေးပြီး အလုပ်သမားလိုအပ်ချက်၊ အလုပ်သမားရပိုင်ခွင့်၊ အလုပ်သမား စေလွှတ်ကြေးနဲ့ လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းတွေ အသေး စိတ်ဆွေးနွေးပြီးတဲ့ စတင်စေလွှတ်နိုင်မယ်လို့ ပြောကြောင်း thanhniennews သတင်းက ရေးပါ တယ်။ ဗီယက်နမ်လုပ်သားတွေဟာ ဒေသခံတွေနည်းတူ အကာအကွယ်ရကြမယ်လို့ ထိုင်းအလုပ် အကိုင်ဦးစီးဌာနနဲ့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ (အိုင်အိုအမ်) တို့ ပူးတွဲကမကထပြုတဲ့ အစည်းအဝေးမှာ သူတို့က ပြောပါတယ်။ ဗီယက်နမ်အလုပ်သမားတာဝန်ရှိသူတွေကတော့ ဗီယက်နမ်လုပ်သားတွေကို ထိုင်းဒေသခံတွေလိုပဲ ဝေလံခေါင်ဖျားတဲ့ဒေသမှာ တလကို အမေရိကန်ဒေါ်လာ ၅၀၀ ၀န်းကျင်၊ ဖွံ့ဖြိုးပြီးသား ဒေသတွေမှာ အမေရိကန်ဒေါ်လာ ၁၀၀၀၊ မြို့အကြီးကြီးတွေမှာတော့ ဒီထက်ပိုမိုပေးအပ်ဖို့ တောင်းဆိုထားကြပါတယ်။ ၂၀၂၀ ခုနှစ်မတိုင်ခင်ထိ သက်တမ်းရှိမယ်လို့ မျှော်လင့်ရတဲ့ နှစ်နိုင်ငံအကြားချုပ်ဆိုတဲ့ အလုပ်သမားစာချုပ်ကို မနှစ်အစောပိုင်းကတည်းကစပြီးဆွေးနွေးခဲ့ရတာပါ။ မနှစ်ထိုင်းနိုင်ငံထုတ်စာရင်းအရ ထိုင်းနိုင်ငံမှာ ဗီယက်နမ်လုပ်သား ငါးသောင်းကနေ တသိန်းအကြားရှိနေပြီး အများစုဟာ  ဖွံ့ဖြိုးမှုနှုန်းနိမ့်ကျတဲ့ ထိုင်းအလယ်ပိုင်းဒေသတွေမှာ တရားမ၀င်အလုပ်လုပ်နေကြပါတယ်။ ဗီယက်နမ်လုပ်သားတွေဟာ  အေးဂျင့်တွေအကူအညီနဲ့ ခရီးသည်တွေအဖြစ် ထိုင်းနိုင်ငံထဲ ၀င်ရောက်လာပြီး များသောအားဖြင့် ဆောက်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ အိမ်ဖော်အလုပ်တွေမှာ လုပ်နေကြတာဖြစ်ပါတယ်။ ထိုင်းအစိုးရက တရားမ၀င်အလုပ်သမားတွေကို တနှစ်အလုပ်လုပ်ခွင့်လက်မှတ်တွေရဖို့အတွက် သက်ဆိုင်ရာဌာနမှာ မှတ်ပုံတင်ဖို့ တိုက်တွန်းပြောဆိုနေပါတယ်။ ထိုင်းအစိုးရအနေနဲ့ တဖက်က လိုက်လျောနေသလို စာချုပ်ပါအတိုင်း တရားမ၀င်အလုပ်လုပ်ကိုင်သူတွေကိုတော့ တင်းတင်း ကျပ်ကျပ်ကိုယ်တွယ် လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up