Live
Home
မြန်မာသတင်း
နှစ်သန်း ၁၀၀ ရှိ ဒိုင်နိုဆောခေတ်က ငှက်ရုပ်ကြွင်း မြန်မာတွင် တွေ့ရှိ
DVB
·
June 30, 2016
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းမှာ နှစ်သန်း ၁၀၀ သက်တမ်းရှိ ဒိုင်နိုဆောခေတ်က ငှက်ရဲ့ တောင်ပံ ၂ခု ပါတဲ့ ပယင်းကျောက်ကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိတဲ့အကြောင်းကို ဇွန် ၂၈ ရက်ထုတ် Nature Communications ဂျာနယ်မှာ ရေးသားထားတာလို့ နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။ စင်တီမီတာ အနည်းငယ်သာရှည်တဲ့ ငှက်တောင်ပံဟာ ငှက် ၂ ကောင်ဆီက ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆနေပါတယ်။ ဒီနမူနာတောင်ပံဟာ ၁.၆ နဲ့ ၈.၅၁ ဂရမ်လေးပြီး အရိုးတည်ဆောက်ပုံ၊ အမွေးလမ်းကြောင်းနဲ့ ပျော့ပြောင်းတဲ့ တစ်ရူးတွေလည်း ပါဝင်နေပါတယ်။ တောင်ပံရဲ့အရွယ်အစားနဲ့ ဖွံ့ဖြိုးမှုတွေအရ ငယ်ရွယ်တဲ့ အချိန်က ပယင်းကျောက်ထဲမှာ ပိတ်မိနေတာလို့ အိပ်ခ်ျရေးနဲ့ ရိုက်ယူထားတာကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။ ငယ်ရွယ်တဲ့ ငှက်အမွေးတွေကို ပယင်းထဲမှာတွေရတာဟာ ဘယ်ငှက်ကလဲဆိုတာကို ပြောဖို့ခက်တယ်လို့ ပူးတွဲ ဆောင်းပါးရေးသားတဲ့ ရိုင်ယန် မက်ကေလာက ပြောပါတယ်။ Cretaceous ကာလပြီးဆုံးချိန်မှာ မျိုးတုံးသွားတဲ့ ဒိုင်နိုဆော ငှက်အနွယ်ဝင်ဖြစ်လိမ့်မယ်လို့လည်း ခန့်မှန်းပါတယ်။ အမွေးတွေကို ပယင်းကျောက်ထဲမှာ မကြာခဏဆိုသလို တွေ့ရလေ့ရှိပေမယ့် ငှက်တောင်ပံတွေကိုတော့ ပထမဆုံးအကြိမ်အဖြစ် ပယင်းကျောက်ထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတွေ့ရတဲ့ ပယင်းကျောက်ထဲက ကျောက်ဖြစ်ရုပ်ကြွင်း အများစုဟာ ဟူးကောင်းချိုင့်ဝှမ်းက လာတာ ဖြစ်ပြီး ဒီချိုင့်ဝှမ်းကို ကချင်လွတ်မြောက်ရေး တပ်မတော်က ထိန်းချုပ်ထားတယ်လို့ နေရှင်နယ် ဂျော်ဂရပ်ဖစ်က ရေးပါတယ်။ ဒီနေရာမှာ နှစ် ၅၀ ကျော်ကြာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် ပယင်းကျောက်တွေကို တရုတ်က ၀ယ်ယူတဲ့သူတွေကို တရားမ၀င်ရောင်းချနေရတယ်လို့ သတင်းကရေးပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024