Home
မြန်မာသတင်း
မြန်မာသံရုံးတွင် ကယ်တင်ထားသည့် ငါးဖမ်းလှေလုပ်သား ၃ ဦး ထွက်ပြေး
နန်းမြနဒီ
·
June 30, 2016
13524390_888827934596301_3505967144169737730_n
ထိုင်းငါးဖမ်းလှေပေါ်မှာ နှိပ်စက်ခံရလို့ အမ်အေတီ (ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအ ဖွဲ့ချုပ်) က သွားရောက်ကယ်ထုတ်ပြီး ဘန်ကောက်ရှိ မြန်မာသံရုံးထံ အပ်နှံထားတဲ့ မြန်မာလှေ လုပ်သား ၃ ဦးဟာ ဇွန်လ ၂၉ ရက် နေ့ခင်းပိုင်းက  ထွက်ပြေးသွားပါတယ်။ လှေလုပ်သား ကိုရဲမြတ်ဇော်၊ ကိုမြင့်သူနဲ့ ကိုအောင်ပိုင်တို့ ၃ ဦးဟာ ဇွန်လ ၂၅ ရက်နေ့က ချွန်းပူး ရီးခရိုင် ချောင်းစမေးစံလှေဆိပ်ကနေ လွတ်မြောက်လာပြီး ၂၇ ရက်နေ့မှာ သံရုံး ကို ရောက်ရှိကာ ဇွန် ၂၉ ရက်နေ့မှာ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ ထွက်ပြေးသူ သုံးဦးအနက် ကိုမြင့်သူက “ကျနော်တို့ကို မြန်မာပြည်ကို ပြန်ပို့မယ်ဆိုလို့ ထွက်ပြေးကြတာပါ။ ကျနော်တို့ဒီမှာပဲ အလုပ်လုပ်ချင်သေးတယ်၊ ပိုက်ဆံရှာချင်သေးတယ်။ ကျေန်ာတို့ ကော်ဆန်း(ပန်းရံအလုပ်)မှာ လုပ်ဖို့ ထွက်ခဲ့ကြတာပါ။ သံရုံးက ဘယ်သူနဲ့မှ ပြဿနာ တက်တာ မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ကိုမြင့်သူက ဆက်လက်ပြောကြားရာမှာ သူတို့သုံးဦးကို ကယ်တင်တယ်ဆိုတဲ့သတင်းကြောင့် မြန်မာပြည်က မိဘဆွေမျိုးတွေ သိရှိသွားပြီး ပြန်ခေါ်တဲ့အတွက် မြန်မာပြည်ကို ပြန်တော့မယ့် အကြောင်းနဲ့ ကျန်နှစ်ဦးကတော့ ထိုင်းနိုင်ငံမှာပဲ ဆက်လက်အလုပ်လုပ်သွားကြဖို့ ဆုံးဖြတ်ထာ ကြောင်း ဖြည့်စွက်ပြောဆိုပါတယ်။ အဆိုပါ သုံးဦးကို ကယ်တင်ခဲ့တဲ့ အမ်အေတီ (ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်) အဖွဲ့မှ အလုပ်အမှုဆောင် ဦးအာင်ဆန်းဦးက သူတို့ကို သံရုံးက အကြောင်းကြားမေးမြန်းတယ်လို့ ပြောပါတယ်။ သူတို့ထွက်ပြေးတာဟာ မြန်မာပြည်ကို မပြန်ချင်လို့ထွက်ပြေးတာဖြစ်နိုင်ကြောင်းသူက ပြောပါ တယ်။ “သံအရာရှိက သူတို့ ထွက်ပြေးသွားပြီလို့ပြောတယ်။ အဲဒီမတိုင်ခင်က အလုပ်သမားတွေက ကျနော့်ဆီ ဖုန်းဆက်သေးတယ်။ သံရုံးက မြန်မာပြည်ပြန်ပို့မယ်ပြောတယ်။ သူတို့ကတော့ သူတို့ဘ၀ကို ဖျက်ဆီးခံရတာကို သူတို့ကောင်းကောင်းမွန်မွန် ထူထောင်ပြီးလို့ရှိရင် သူတို့ တ၀မ်းတခါးအတွက်ကို ပြန်ပြီးတော့ လုပ်ချင်နေတယ်။ မြန်မာပြည်ပြန်ပို့မယ်ဆိုခါကျတော့ မြန်မာပြည်ကနေ ဒီကိုပြန်ရဖို့ မလွယ်ဘူး။ သူတို့မှာဘာမှ မပါဘဲနဲ့ပြန်ရမှာကို မနှစ်သက်ဘူး လေ၊  အဲဒီအတွက် ထွက်ပြေးတာ ဖြစ်နိုင်တယ်ဗျ။” မြန်မာသံရုံးက အလုပ်သမားသံအရာရှိကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024