ရှင်လောင်း ကားပေါ်က ပြုတ်ကျသည့်အတွက် ရှင်ပြုပွဲ ရွှေ့ဆိုင်း (ရုပ်သံ)
ထိုင်းနိုင်ငံ စမွတ်စခွန်က ရှင်လောင်းပွဲတခုအတွင်း ကားထွက်စဉ် ကားနောက်မှာထိုင်နေတဲ့ ရှင်လောင်း၊ ဖခင်နဲ့ သူငယ်ချင်းတို့ ကားပေါ်က ပြုတ်ကျခဲ့ပြီး သတိမေ့သွားလို့ ရှင်ပြုပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
အိမ်ကနေ ကျောင်းကိုသွားဖို့ ကားစက်နှိုးထားစဉ် မီးခိုးတွေထွက်လာသလို ကားကို အရှိန်နဲ့ ဆောင့်ထွက်လိုက်တဲ့အတွက် အနောက်မှာထိုင်နေတဲ့သူတွေ ကားပေါ်က ပြုတ်ကျသွားပါတယ်။
ရှင်လောင်းဖြစ်သူနဲ့ ဖခင်ကတော့ အနည်းငယ် ဒဏ်ရာရသွားပေမယ့် ရှင်လောင်း သူငယ်ချင်းကတော့ သတိမေ့သွားပါတယ်။
သတိမေ့သွားတဲ့ ရှင်လောင်းသူငယ်ချင်းကို ဆေးရုံပေါ် တင်ပို့ခဲ့သလို အနီးမှာ တီးနေတဲ့ တီးဝိုင်းကလည်း တီးတာ ရပ်သွားခဲ့ပါတယ်။
လှည့်လည်ရာမှာပါဝင်မယ့် လူတွေကလည်း တဦးနဲ့တဦး ပြစ်တင်ပြောဆိုခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို ဇွန် ၂၇ ရက်က ယူကျူပေါ် တင်ခဲ့ပါတယ်။
လူငယ်လေးက သတိမေ့နေဆဲဖြစ်သလို ရှင်လောင်းပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ရတယ်လို့ ရုပ်သံဖိုင်မှာ ရေးသားထားပါတယ်။