Home
မြန်မာသတင်း
မြန်မာ-ထိုင်း မောင်နှမရင်းချာဆက်ဆံရေး ထူထောင်မည်
DVB
·
June 29, 2016
မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးကို မောင်နှမရင်းချာ ဆက်ဆံရေးအဆင့်အထိ တိုးမြင့်လာ စေရန် ထူထောင် လုပ်ဆောင်သွားကြဖို့ နှစ်ဘက်တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ၀ုန်ဆူဝန်တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံမှု အတွင်း ဆွေးနွေးခဲ့ကြတာလို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဟာ ဒေသတွင်းမှာသာမက နိုင်ငံတကာမျက်နှာစာတွင်ပါ စံပြအဖြစ် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး မျိုး ဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက် သွားမယ်၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုသည်မှာ ပိုင်းခြားထား ခြင်း မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုများကို နှစ်ဦးနှစ်ဖက်အတူတူ မျှဝေခံစားနိုင်ရန် ဖန်တီးပေးထား ခြင်း ဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ထည့်သွင်း ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဒုဝန်ကြီးချုပ်တို့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံပူးတွဲ နယ်နိမိတ် ကော်မတီ အစည်းအဝေးများ မြန်မာနိုင်ငံတွင် အမြန်ဆုံး ကျင်းပနိုင်ရေး၊ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်း စေမည့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်မှုလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက် ရေး စတဲ့ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံရဲတပ်ဖွဲ့များအကြား လေ့ကျင့်ရေးဆိုင်ရာ အစီအစဉ်များ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကိစရပ်အတွက်လည်း နှစ်ဘက်ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးလို့ ခေါ်ဝေါ်လေ့ရှိပြီး အခုတခါ မြန်မာ-ထိုင်း မောင်နှမရင်းချာဆက်ဆံရေး ထူထောင်ဖို့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024