ထိုင်းလိင်ပြောင်းအလုပ်သမားများ၏ နိစ္စဓူဝ ကြုံတွေ့နေရသည့် အန္တရာယ်များ

ထိုင်းနိုင်ငံဟာ လိင်ခရီးသွားလုပ်ငန်းကြောင့် နာမည်ဆိုးနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကို လူသိများတဲ့ နိုင်ငံတနိုင်ငံပါ။
အနှိပ်ခန်းနဲ့ အလှပြင်ဆိုင်တွေ၊ ဘားတွေ၊ ကလပ်တွေမှာ ထောင်ပေါင်းများစွာသော လိင်အလုပ်သမားတွေဟာ ဘန်ကောက်မြို့ပြရဲ့ ၀ါးမျိုမှုကနေ ရှင်သန်နေထိုင်နိုင်ဖို့ နေ့စဉ်နဲ့အမျှ ပြင်းပြင်းထန်ထန် လှုပ်ရှားရုန်းကန်နေကြရတာပါ။
သူတို့ တဦးချင်းစီမှာ တူညီတဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေ ရှိနေကြတာဖြစ်ပြီး ဆင်းရဲမွဲတေမှု၊ ခေါင်းပုံဖြတ်မှုနဲ့ ကျွန်စနစ်ဆန်ဆန် ခွဲခြားဆက်ဆံခံရမှုတွေဟာလည်း ဒုနဲ့ဒေးရှိနေတာ ဖြစ်ပါတယ်။
လိင်မှုဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ မကြာခဏဆိုသလို ကမ္ဘာတလွှားက အဖွဲ့အစည်းတွေ၊ အေဂျင်စီတွေအတွက် အကျိုးစီးပွားပြု သုတေသန စီမံကိန်းတွေ ပြုလုပ်ဖို့ အဓိကချဉ်းကပ်ရာ ဗဟိုချက်မတခု ဖြစ်နေခဲ့တာပါ။
ဒါပေမယ့် အဲဒီနယ်ပယ်ထဲမှာ လိင်အင်္ဂါပြောင်း လုပ်သားတွေ အများစုရှိနေပေမယ့် သူတို့ရဲ့ အတွေ့အကြုံတွေ၊ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို နားလည်အောင် ဆန်းစစ်တဲ့ အဖွဲ့အစည်း အနည်းငယ်သာရှိနေပြီး လျစ်လျူရှုခံနေရဆဲဖြစ်တယ်လို့ Asia Correspondent သတင်းမှာ ဖော်ပြပါတယ်။
လိင်အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်ခြင်းနဲ့ အကြမ်းဖက်မှုဆိုင်ရာ လေ့လာသုတေသနပြုနေသူ ဂျာရက်ဒေးဗစ်က “ဒီလေ့လာဆန်းစစ်မှုကရတဲ့ အကျိုးအမြတ်ကတော့ ကျား-မ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပေါ် ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတဲ့ ခွဲထွက်လာတဲ့ သုတေသန အမျိုးအစားတခု ဖြစ်လာမှာပါ” လို့ ပြောပါတယ်။
ဒေးဗစ်ဟာ မကြာသေးခင်က “ဘန်ကောက်မြို့ လိင်မှုဆိုင်ရာ လုပ်ငန်းနယ်ပယ်မှ လိင်ပြောင်းအလုပ်သမားများရဲ့ အားနည်းချက်အပေါ် အခြေခံကျကျလေ့လာချက်” အမည်နဲ့ သုတေသန စာတမ်းတစောင် ထုတ်ထားခဲ့သူပါ။
အဲဒီသုတေသနပြုမှုမှာ လိင်ပြောင်းအလုပ်သမားတွေရဲ့ နေ့စဉ် ရှင်သန်ရပ်တည်မှုတွေထဲက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုတွေအပေါ် အခြေခံထားပြီး မေးမြန်းချက် အခု ၆၀ လောက်ကို စုစည်းထားခဲ့ပါတယ်။
သုတေသနပြုချက်က ပြန်ရတဲ့ တုံ့ပြန်ပြောဆိုမှု အကြောင်းရင်းတွေထဲမှာ ဒီ လိင်မှုဆိုင်ရာ လုပ်ငန်းနယ်ပယ်ထဲကို ၀င်ရောက်လာခဲ့ခြင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ရှိတယ်လို့ ဖြေခဲ့ကြတာကို တွေ့ရပါတယ်။
အသက် ၂၁ နှစ်အရွယ် လိင်ပြောင်းအလုပ်သမားတဦးက “ဒီအလုပ်ကို ဘယ်သူကများ ရွေးချယ်ပြီး လုပ်ချင်ခဲ့မှာလဲ။ ဒီအသိုင်းအ၀ိုင်းထဲက ကျနော် ရုန်းထွက်ချင်မိတယ်။ ဒါပေမယ့် ဘာဆက်လုပ်ရမလဲဆိုတာ ကျနော်မသိပါဘူး” လို့ ပြောပါတယ်။
သုတေသနပြုမေးခွန်း ဖြေဆိုကြသူတွေရဲ့ လေးပုံတပုံလောက်ဟာ ပြီးခဲ့တဲ့ ၁၂ လတာ ကာလအတွင်း ဖောက်သည်တွေဆီက ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။
သူတို့တွေထဲက သုံးပုံနှစ်ပုံလောက်ကတော့ ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံခဲ့ကြရတယ်လို့ ဖြေခဲ့ကြတာပါ။
သူတို့ထဲက လေးယောက်မှာ တယောက်လောက်ဟာ အဓမ္မပြုကျင့်တာတွေ၊ အလိုမတူဘဲ လိင်ဆက်ဆံစေတာမျိုးတွေကို ကြုံတွေ့ခဲ့ကြရပါတယ်။
ခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေဟာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အိပ်ခ်ျအိုင်ဗွီ) ဖြစ်ပွားမှုနှုန်းကို မြင့်တက်လာစေလိမ့်မယ်လို့ သုတေသနစာတမ်းမှာ ဖော်ပြပါတယ်။
အသက် ၃၀ အရွယ် အလွတ်တန်း လိင်အလုပ်သမားတဦးက “ကျနော့်သူငယ်ချင်းတယောက် မကြာသေးခင်ကမှ ဒီရောဂါနဲ့ ဆုံးသွားခဲ့တယ်” လို့ ပြောပါတယ်။
ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေဟာ အဓိကအကြောင်းရင်းတွေ ဖြစ်နေပြီး ဒါဟာ အိပ်အိုင်ဗွီ/အေ့ဒ်စ်ရောဂါ ဖြစ်ပွားနိုင်ချေနဲ့ ထပ်တူညီတဲ့ အန္တရာယ်တခု ဖြစ်လာကာ လူ့အဖွဲ့အစည်းကြား ခြိမ်းခြောက်လာနေခဲ့ပြီလို့ ဆိုပါတယ်။
အသက် ၂၅ နှစ်အရွယ် ဘားတခုမှ လိင်လုပ်သားတဦးကတော့ “ကျနော် ဘာလုပ်ရမယ်ဆိုတာ မသိခဲ့ဘူး။ ကျနော် ဒီကိုရောက်မလာခင်က စီးပွားရေးအခြေအနေကလည်း မကောင်းခဲ့ဘူးလေ။ ဒီအလုပ်ကတော့ လွယ်တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော် ငွေကို အလွယ်တကူရနိုင်တယ်” လို့ ဖြေခဲ့ပါတယ်။
လိင်ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ လေ့လာသုတေသနပြုမှုတွေဟာ အမြင့်မားဆုံး လိုအပ်ချက်တခု ဖြစ်လာပေမယ့် ကံမကောင်းစွာပဲ ထိန်းချုပ်ကန့်သတ်မှုတွေ ရှိနေတာပါ။
“ကျနော် လူတွေကို နားလည်စေချင်တာက လေဒီဘွိုင်းတွေဟာ ဆိုးဝါးတဲ့သူတွေ မဟုတ်ပါဘူး။ ဒါကို လူ့အဖွဲ့အစည်းက လက်ခံပြီး ဒီအလုပ်ကိုလည်း နားလည်စေချင်ပါတယ်” လို့ အသက် ၂၃ နှစ်အရွယ် လိင်အလုပ်သမားတဦးက ပြောပါတယ်။