ယာခင်းထဲအလုပ်လုပ်နေသည့် ရှမ်းတောင်သူ ပစ်သတ်ခံရ
DVB
·
September 19, 2011
စစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ ယာခင်းထဲမှာ အလုပ်လုပ်နေတဲ့ ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်က ရွာသားတဦး သေဆုံးသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
သေဆုံးသူ တောင်ဟျိုးရွာသား စိုင်းပန်တဝ (၃၆) နှစ်ဟာ စက်တင်ဘာ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်က ပစ်သတ်ခံခဲ့ရတာလို့ သေဆုံးသူအသတ်ခံရတာကိုမြင်ပြီး ထွက်ပြေးပုန်းအောင်းရင်း အသက်ရှင်ကျန်ရစ်တဲ့ ရွာသားက ပြောပါတယ်။
ယာခင်းထဲမှာ မြေပဲပင် ပေါင်းသင်နေတုန်း အစိုးရစစ်ကြောင်းလာလို့ ကြောက်ရွံ့ပုန်းအောင်းနေရာမှ ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
သေဆုံးသူအလောင်းကို စစ်တပ်က မြေမမြှုပ်ဘဲ ထားခဲ့တဲ့အတွက် ကျောဘက်က ကျည်ဆန်ဒဏ်ရာနဲ့ အလောင်းကို ရွာသားတွေက သင်္ဂြိုဟ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သေဆုံးသူမှာ ကလေးသုံးဦးနဲ့ ဇနီးကျန်ရစ်ခဲ့တယ်လို့ ရွာသားက ပြောပါတယ်။
ပစ်ခတ်တဲ့ စစ်တပ်ဟာ မိုင်းအွတ်ကနေ ထွက်ခွာလာတဲ့ အင်အားတရာလောက်ရှိတဲ့ တပ်မတော် ခလရ ၂၄၈ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်တွေကြောင့် လုပ်ငန်းခွင်မဆင်းနိုင်အောင် ကြောက်ရွံ့နေရလို့ မလုံမခြုံဘ၀နဲ့ ၀မ်းစာစပါးပါ ခက်ခဲလာတဲ့အခြေအနေတွေကို ဒေသရွာသားတွေက အစိုးရကိုတိုင်တန်းပေးဖို့ ကျားဖြူပါတီကို အကူအညီတောင်းထားတယ်လို့ မိုင်းရယ်လွှတ်တော်အမတ် ဦးစိုင်းစံဖေက ပြောပါတယ်။
“ကျနော်တို့ ကျားဖြူကိုပဲ အကူအညီတောင်းတာပေါ့။ အခုလောလောဆယ် သက်ဆိုင်ရာ သူကြီးရယ်၊ တောင်ယာလုပ်ကိုင်သူတွေကို ခေါ်ပြီးတော့ စာရင်းလုပ်ထားပါတယ်။ စာရင်းတွေရပြီးရင် ဗျူဟာမှူးတွေနဲ့ ပြေရာပြေကြောင်း ညှိနှိုင်းဆွေးနွေးဖို့ လုပ်ဆောင်နေပါတယ်။ အခုလို သင်္ကာမကင်းပစ်ခတ်မှုတွေ မဖြစ်အောင် ပြောပေးမှာပါ။ တိုင်ကြားတဲ့သဘောမျိုး မဟုတ်ဘဲနဲ့ ပြေလည်ရာပြေလည်ကြောင်း ဝင်လုပ်ပေးတာပါ။”