A d v e r t i s e m e n t With Us

ကလေးမြို့ နေအိမ် နှစ်အိမ်အတွင်းမှ စိတ်ကြွဆေးပြားများ ဖမ်းဆီး

ကလေးမြို့က နေအိမ် ၂ လုံးမှာ ပန်းရောင်စိတ်ကြွဆေးပြားတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ပိုင်ရှင်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ကလေးမြို့ မူးယစ်တပ်ဖွဲ့က ပြောပါတယ်။ ဇွန်လ ၂၈ ရက်နေ့က ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်နဲ့ ပင်လုံရပ်ကွက်တို့က နေအိမ် ၂ လုံးမှာ ဖမ်းမိခဲ့တာလို့ ကလေးမြို့ မူးယစ်တပ်ဖွဲ့စု ၅ ယာယီတပ်ဖွဲ့စုမှူး ဒုရဲမှူး လှထွေးက ပြောပါတယ်။ ''သတင်းအရ မနေ့က လေးနာရီမှာ ရှာဖွေဝရမ်းနဲ့ ကျနော်တို့ ချမ်းမြေ့အောင်စည်ရပ်ကွက်က အိမ်ကို ရှာတယ်။ အဲ့ဒီမှာ အမျိုးသမီးတစ်ယောက်တွေ့လို့ ရှာတော့ အတွင်းခံထဲ ထည့်ဝှက်ထားတဲ့ ဆေးပြားတွေ့တယ်။ နောက်ပြီး ရောင်စုံ ဖျော်ရည်စုပ်ပိုက် အကြီးထဲ ထည့်ထားတဲ့ အဖြူမှုန့်တွေကို ပိုက်နဲ့အတူ မီးဖိုဘေး မြေထဲမြှုပ်ထားတာ တွေ့ရတယ်။ အဲ့ဒါနဲ့ အဲ့ဒီအမျိုးသမီးကို ထပ်စစ်လိုက်တော့ အမျိုးသားတဦးက လာထားသွားတာ ဆိုတာနဲ့ ချက်ချင်း အဲ့ဒီအမျိုးသားအိမ်ကို သွားရှာတော့ အမျိုးသားတော့ မတွေ့ဘူး။ သူ့ဇနီးက အိမ်ခန်းပြတင်းကနေ အမည်းရောင်အိပ်ထုတ်ကို လွှင့်ပစ်တာတွေ့လို့ သက်သေတွေနဲ့ ရှာတော့ ဆေးပြားတွေတွေ့တယ်။ ဆေးပြားသုံးစွဲတဲ့ နေရာမှာ သုံးတဲ့ ခဲပတ်လိပ်တွေ့တယ်။'' ဆေးပြားတွေနဲ့အတူ အဖြူမှုန့်တွေ လက်ရဖမ်းဆီးခံခဲ့ရတာကတော့ ချမ်းမြေ့အောင်စည် ရပ်ကွက်နေ မနိန်လွန်းဒိန်နဲ့ ပင်လုံရပ်ကွက်နေ မဇင်ငိုက်ဟောက်တို့ဖြစ်ပြီး မဇင်ငိုက်ဟောက်ရဲ့ အမျိုးသားဖြစ်သူ ထန်ကျင့်ခိုင်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ဆေးပြားနဲ့ အဖြူမှုန့်များ အသုံးပြု ဆက်စပ်ပစ္စည်းတွေ လက်ရဖမ်းဆီးမိခဲ့တာကြောင့် ပစ္စည်းများနဲ့အတူ ဖမ်းမိတဲ့ အမျိုးသမီး နှစ်ဦးနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသားတဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလည်းစေတတ်တဲ့ ဆေးဝါးများ ဥပဒေပုဒ်မနဲ့ တရားစွဲဆိုနိုင်ရေးကို ကလေးမြို့မရဲစခန်းမှ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ နေအိမ် နှစ်အိမ်အတွင်းကနေ တွေ့ခဲ့တဲ့ ပန်းရောင်ဆေးပြားပေါင်း (၂၇၃) ပြားမှာ တဖက်စီမှာ 88 နဲ့ 1 စာတမ်းတွေ ပါတယ်လို့ ဒုရဲမှူးက ပြောပါတယ်။ ဒါ့အပြင် ဖျော်ရည်စုပ်ပိုက်အကြီးတွေနဲ့ ပိုက်အတွင်းထည့်ထားတဲ့ အဖြူမှုန့်တွေ တချောင်းလျှင် ၀.၂ ဂရမ်ပါ ၁၈ ချောင်းနဲ့ BTI တံဆိပ်ပါ အိန္ဒိယထုတ် ကော်ဘူး ၂ ဘူးကိုလည်း တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်

A d v e r t i s e m e n t With Us

More News
Up