ဆယ်နှစ်အရွယ် ကျောင်းသားအား အချက် ၄၀ ရိုက် ဆုံးမသည့် ဆရာကို မကျေနပ်၍ မိခင်ဖြစ်သူ တိုင်တန်း

ထိုင်းနိုင်ငံမှာ ဆရာတဦးက အသက် ၁၀ နှစ်အရွယ် ကျောင်းသားကလေးငယ်တဦးကို ကြိမ်နဲ့ အချက်ပေါင်း ၄၀ လောက် ရိုက်နှက်ဆုံးမလို့ ထိခိုက်ဒဏ်ရာ ရခဲ့တာကို မကျေနပ်တဲ့ မိခင်ဖြစ်သူက ကျောင်းတာဝန်ရှိသူတွေကို တိုင်တန်းခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ၀ီဆက်ချန်ချိုင်းခရိုင်တွင်းက ကျောင်းတကျောင်းမှာ ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ထိုင်းအခြေစိုက် ဆနွတ်ခ်သတင်းမှာ ဖော်ပြပါတယ်။
အေလို့ အမည်ဖော်ပြတဲ့ ကျောင်းသားရဲ့ မိခင်ဖြစ်သူ ကန်ပစ်ချာ ဖိုင်ဂျန်က သားဖြစ်သူရဲ့ နောက်ဘက်တင်ပါးက ဒဏ်ရာတွေကို သတင်းသမားတွေကို ပြသခဲ့တာပါ။
ရိုက်နှက်ဆုံးမသူ ဆရာ ချာနိုင်ငမ်ပလော့တ်နဲ့ ပတ်သက်ပြီး သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ချိန်မှာ ကျောင်းအုပ်ချုပ်ရေးဒါရိုက်တာ ပရာဂျင်သီယန်သက်က စုံစမ်းစစ်ဆေးနေတုန်းဖြစ်တယ်လို့ ပြောပြီး ဖုန်းချသွားခဲ့တာပါ။
မိခင်ဖြစ်သူက သားဖြစ်သူ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်း ကျောင်းကပြန်လာချိန် ဒဏ်ရာတွေတွေ့လို့ မေးမြန်းချိန်မှာ ခုလိုပေါ်ပေါက်လာခဲ့တာလို့ ဆိုပါတယ်။
ကျောင်းသား အေက သူဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က သူငယ်ချင်း ၂ ဦးနဲ့အတူ ကျောင်းတာဝန်တခုလုပ်ဖို့ မေ့ခဲ့လို့ ဆရာကခေါ်ပြီး ကျောင်းတာဝန်ရှိသူ ၃၀ ဦးနဲ့ သူငယ်ချင်း ၁၅ ဦးရှေ့မှာ ခုလိုရိုက်နှက်ခံခဲ့ရတာလို့ သတင်းထောက်တွေကို ပြောပါတယ်။
မိခင်ဖြစ်သူ ကန်ပစ်ချာကတော့ ၂ ချက်၊ ၃ ချက်လောက် ရိုက်နှက်ဆုံးမတာမျိုး မဟုတ်ဘဲ အချက် ၄၀ ကတော့ များလွန်းတယ်လို့ ပြောလိုက်တာပါ။
သူဟာ ကျောင်းကိုတိုင်တန်းဖို့ လိုက်သွားခဲ့ချိန်မှာ သားဖြစ်သူကို ရိုက်နှက်ဆုံးမခဲ့တဲ့ ဆရာက ဘာကြောင့်ရိုက်ခဲ့တယ်ဆိုတာ ပြောပြခဲ့ပြီး သူ့အနေနဲ့ ထွက်စာတင်ဖို့ အဆင်သင့်ပဲလို့ ပြောခဲ့တာပါ။
မိခင်ဖြစ်သူကတော့ ဒီအတွက် ဆေးကုသစရိတ်ကို ပေးလျော်စေချင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရဲတွေကပါ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး တခြား လူမှုအဖွဲ့အစည်းတွေကပါ စောင့်ကြည့်နေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ မနေ့က တနေ့တည်းတင် ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အကြိမ်ရေ ၁၇၀၀၀ လောက် မျှဝေခဲ့ကြတာပါ။