ဟောင်ကောင်တွင် တရားဝင်ဆင်စွယ်လုပ်ငန်း အပြီးသတ်ပိတ်သိမ်းရန် ပြင်ဆင်

ဓာတ်ပုံ - ရိုက်တာ
545
လာမယ့် ၅ နှစ်အတွင်း ဟောင်ကောင်မှာ တရားဝင်ဆင်စွယ်လုပ်ငန်းတွေကို ဖြည်းဖြည်းချင်း ပိတ်ပင်တော့မှာဖြစ်လို့ ရာနဲ့ချီတဲ့ ဟောင်ကောင်ဆင်စွယ်လုပ်ငန်းတွေ အပြီးပိတ်သိမ်းဖို့ ပြင်ဆင်နေကြရပြီ။
ဟောင်ကောင်ဟာ ဆင်စွယ်လုပ်ငန်းတွေ တရားဝင် လုပ်ကိုင်ခွင့်ရတဲ့ ကမ္ဘာ့ဆင်စွယ်ပစ္စည်း အရောင်းအ၀ယ်၊ အချက်အချာမြို့ကြီး ဖြစ်ပါတယ်။
အခုလို ဟောင်ကောင်အစိုးရက ဆင်စွယ်ပစ္စည်းရောင်းဝယ်မှု ပိတ်ပင်တော့မယ်လို့ ကြေညာခဲ့တဲ့အတွက် ကမ္ဘာတ၀န်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး အဖွဲ့အစည်းတွေက ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
ဒီဆင်စွယ်စီးပွားရေးလုပ်ငန်းတွေ ပိတ်သိမ်းဖို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အချိန်လုံလုံလောက်လောက်ပေးဖို့၊ လက်တွေ့ကျပြီး မျှတမှုရှိတဲ့ ဥပဒေတရပ်ဖြစ်ဖို့လည်း လိုအပ်တယ်လို့ ဟောင်ကောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးက လွှတ်တော်မှာ ပြောဆိုပါတယ်။
ဆင်စွယ်ရောင်းဝယ်ရေးကို နိုင်ငံတကာမှာတော့ ၁၉၈၉ ခုနှစ်ကတည်းက ပိတ်ပင်ခဲ့ပေမယ့် ဟောင်ကောင်မှာတော့ လုပ်ကိုင်ခွင့်လိုင်စင်နဲ့ ဆက်ခွင့်ပြုခဲ့တာပါ။
တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအဖွဲ့က အရာရှိတဦးဖြစ်တဲ့ ခရစ်စတင်းလိုက ၅ နှစ် အချိန်ယူတာ သိပ်ကြာလွန်းပြီး တနှစ်ကို ဆင်အကောင်ရေ ၃ သောင်းကျော်ဟာ သူတို့ရဲ့ ဆင်စွယ်ဖြတ်ယူဖို့အတွက်နဲ့ သတ်ဖြတ်ခံနေရတာလို့ ပြောဆိုပါတယ်။
တကယ်လို့ ဒီလုပ်ငန်းတွေကို တရားဝင်ပိတ်ပင်တော့မှာဆိုရင် ဟောင်ကောင်မှာ အဲ့ဒီလုပ်ငန်းကနေရတဲ့ ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၂၈ သန်း ဆုံးရှုံးနစ်နာသွားမယ်လို့ ဆင်စွယ်စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောဆိုပါတယ်။