မြောက်ကိုရီးယား၏ ပူးတွဲညီလာခံအဆိုပြုချက် တောင်ကိုရီးယားပယ်ချ

နှစ်နိုင်ငံက နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေပါဝင်တက်ရောက်နိုင်တဲ့ ကွန်ဖရင့်ကျင်းပဖို့ မြောက်ကိုရီးယားနိုင်ငံရဲ့အဆိုပြုချက်ကို တောင်ကိုရီးယားနိုင်ငံက ဒီကနေ့ ပယ်ချခဲ့ပြီး မဆွေးနွေးခင် နျူကလီးယားအစီအစဉ်ဖျက်သိမ်းရေးကို အရင်လုပ်ဖို့ ပြန်လည် တိုက်တွန်းခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ မနေ့က အဆိုမှာ ကိုရီးယားနှစ်နိုင်ငံက နိုင်ငံရးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလတွေပူးတွဲတက်ရောက်နိုင်မယ့် ပူးတွဲကွန်ဖရင့်တရပ်ကို လာမယ့်သြဂုတ်လ ၁၅ ရက်နေ့ဝန်းကျင်မှာ ကျင်းပဖို့ ဖြစ်တယ်လို့ ကိုရီးယားYonhap သတင်းက ရေးပါတယ်။ အဲဒီနေ့ဟာ ဂျပန်ကိုလိုနီအုပ်ချုပ်မှုကာလ (၁၉၁၀-၄၅) ကနေ ကိုရီးယားနိုင်ငံလွတ်မြောက်မှု ၇၁ နှစ်မြောက်အခါသမယဖြစ်ပါတယ်။ လာမယ့် သြဂုတ်လတွေ့ဆုံပွဲအတွက် ဇူလိုင်လမှာ လုပ်ငန်းကော်မတီအဆင့်ဆွေးနွေးကြဖို့ မြောက်ကိုရီးယားဘက်က ကမ်းလှမ်းခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာဝန်ကြီးဌာနကတော့ မြောက်ကိုရီးယားရဲ့ကမ်းလှမ်းချက်ဟာ မရိုးသားကြောင်းကြေညာချက်ထုတ်ပြန်ပါတယ်။ ‘မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ဒုံးကျည်စမ်းသပ်မှုတွေကို ကြညြ့်ခင်းအားဖြင့် တွေ့ဆုံဆွေးနွေးစကားပြောဆိုဖို့ကမ်းလှမ်းချက်ဟာ အတုအယောင်ဖြစ်တယ်ဆိုတာ ပြနေပါတယ်၊ ဒါဟာ တောင်ကိုရီးယားကို ဆန့်ကျင်တဲ့ မြောက်ကိုရီးယားရဲ့လုပ်နေကြ၀ါဒဖြန့်ချိရေးနည်းလမ်းဖြစ်ပါတယ်’ လို့ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်ချင်တယ်၊ ကိုရီးယားနှစ်နိုင်ငံငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြန်လည်ပေါင်းစည်းရေးကို ဆောင်ရွက်ချင်တယ်ဆိုရင် မြောက်ကိုရီးယားအစိုးရအနေနဲ့ နျူကလီးယားဖျက်သိမ်းရေးကို အာမခံဖို့ တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့မေလကကျင်းပတဲ့ ပါတီကွန်ဂရက်ပြီးကတည်းက စစ်ဘက်ဆိုင်ရာတာဝန်ရျိသူတွေ တွေ့ဆုံဆွေးနွေးကြဖို့  မြောက်ကိုရီးယားက တောင်ကိုရီးယားကို အကြိမ်ကြိမ်အဆိုပြုခဲ့ပါတယ်။ တောင်ကိုရီယားဘက်ကလည်း ကုလသမဂ္ဂက မြောက်ကိုရီးယားနိုင်ငံအပေါ်  ပိတ်ဆို့ဒဏ်ခတ်မှု နဲ့စပ်လျဉ်းပြီး နိုင်ငံတွေရဲ့စည်းလုံးညီညွတ်မှုကို ပျက်ပြားစေဖို့ ပရိယာယ်သာဖြစ်တယ်လို့ဆိုပြီး ပယ်ချခဲ့ပါတယ်။ တရုတ်နဲ့ရုရှားနိုင်ငံတို့ရဲ့ မြောက်ကိုရီးယားရဲ့နျူကလီးယားနဲ့ ဒုံးကျည်မဟာဗျူဟာအပေါ် ဆန့်ကျင်ခဲ့မှုအပေါ် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ကြိုဆိုခဲ့ပါတယ်။ ပြောခွင့်ရသူ ချိုဂျွန်ဟောက်က “တရုတ်နဲ့ရုရှားနိုင်ငံတို့ဟာ ပြီးခဲ့တဲ့ မတ်လက ချမှတ်ခဲ့တဲ့ ကုလသမဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၂၇၀ ကို အပြည့်အ၀အကောင်အထည်ဖော် လိုက်နာဆောင်ရွက်မယ်ဆိုတာ လူသိရှင်ကြား အာမခံလိုက်တဲ့အပေါ် ကျနော်တို့ အစိုးရက ကြိုဆိုပါတယ်” ဆိုးလ်မြို့မှာ ရှင်းလင်းပြောကြားပါတယ်။ ဒါပေမယ့် တရုတ်နဲ့ရုရှားနိုင်ငံတို့က ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ကဖြန့်ကျက်ချထားဖို့စီစဉ်နေတဲ့ အဆင့်မြင့်ဒုံးခွင်းဒုံးကာကွယ်ရေးစနစ် အစီအစဉ်ကို ဆန့်ကျင် ကြောင်း ဖော်ပြကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြောခွင့်ရသူက ဒီဖြန့်ကျက်မှုဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေး အကျိုးအစီးပွားကို သက်ရောက်စေမှာမဟုတ်ပါဘူးလို့ ထပ်မံရှင်းလင်းပါတယ်။ ပီကင်းနဲ့မော်စကို ကတော့ အဆင့်မြင့်ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်အစီအစဉ်ဟာ ဒေသတွင်း မဟာဗျူဟာမျှခြေကို ပျက်ယွင်းစေမယ် လို့ ဆိုပြီး ဆန့်ကျင်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up