တွင်းနက်ထဲ ပြုတ်ကျခဲ့သည့် ရဲအရာရှိက လာကူညီသူများကို ငြင်းဆန်သည့်ရုပ်သံ ရေပန်းစား

တရုတ်နိုင်ငံမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်အတွင်း တွင်းနက်ထဲကို ထိုးကျခဲ့တဲ့ ရဲအရာရှိတဦးကို လုပ်ဖော်ကိုင်ဘက်တွေက ကူညီကယ်တင်ဖို့ ကြိုးစားခဲ့ချိန်မှာ အန္တရာယ်ဖြစ်မှာစိုးရိမ်ပြီး ငြင်းဆန်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် အသုံးပြုသူတွေကြားမှာ ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဇွန်လ ၂၄ ရက်နေ့က တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟဘေးခရိုင်၊ ကျန်ရှီးမြို့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေချိန် ဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဒေသတွင်းမှာ သည်းသည်းထန်ထန် ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ၃၀၀ မီလီမီတာထက် မြင့်ခဲ့တဲ့အတွက် မြေပြို၊ လမ်းပိတ်မှုတွေ ဖြစ်ခဲ့ရကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ သွားရောက်ခဲ့ကြရတာပါ။
ရဲအရာရှိ လျူဟာ အများသွားလာဖို့အတွက် ပိတ်ဆို့ထားကာ ရဲအစောင့်အကြပ်ချထားတဲ့ တံတားတခုပေါ်မှ တွင်းနက်ထဲ မတော်တဆ ပြုတ်ကျခဲ့တာပါ။
အဲဒီအချိန်မှာ အနီးနားက လုပ်ဖော်ကိုင်ဘက် ရဲအရာရှိတွေက သူ့ဆီကို ကူညီကယ်တင်ဖို့ သွားခဲ့ချိန်မှာ သူက စိုးရိမ်ပြီး မလာကြဖို့ အော်ဟစ်ပြောဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူ့ဟာသူပဲ ကမ်းပေါ်ကို ခက်ခက်ခဲခဲ ပြန်တက်နိုင်အောင် ကြိုးပမ်းခဲ့တာကို တွေ့ရပါတယ်။
ဒီဗွီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာ တမုဟုတ်ချင်းပဲ ပျံ့နှံ့သွားခဲ့ပြီး အဲဒီရဲအရာရှိရဲ့ လေးစားဖွယ် စိတ်ဓာတ်ကို ချီးကျူးခဲ့ကြတာပါ။
ဂျွန်ဇူအမည်နဲ့ ဝေဘို အင်တာနက် လူမှုကွန်ရက် အသုံးပြုသူတဦးက “နိုင်ငံရဲ့ ရဲအရာရှိကောင်းတယောက်၊ အန္တရာယ်နဲ့ ကြုံချိန်မှာတောင် တခြားလူတွေအတွက် စဉ်းစားပေးခဲ့တယ်။ ကြည်ညိုစရာကောင်းတဲ့ သူ့စိတ်ထားကြောင့် ရဲအရာရှိတွေအားလုံး ဘေးကင်း ကျန်းမာကြပါစေ” လို့ မှတ်ချက်ရေးခဲ့ပါတယ်။
“အသက်အန္တရာယ်နဲ့ ကြုံလာတဲ့အခါ လူတွေဟာ အတ္တကြီးတတ်ကြပါတယ်။ ကိုယ်ကျိုးမငဲ့တဲ့ သူ့ရဲ့အပြုအမူအတွက် လက်မလေးတွေ ထောင်ပေးလိုက်ကြပါ” လို့ နောက်တယောက်က ရေးခဲ့ပါတယ်။