Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံ စက်တင်ဘာမတိုင်ခင်စရန် မူအရသဘောတူ
အေးနိုင်
·
June 28, 2016
13558862_1092961640766355_4449760758423226776_o
13558710_1092961710766348_8843918340869449982_o
13558693_1092961680766351_9033036207775170447_o
13558619_1092961644099688_3100120305945194284_o
13528561_1092961670766352_3343422150391805728_o
13502764_1092961774099675_1549396851215092569_o
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ကို လာမယ့်သြဂုတ်လနောက်ဆုံး သီတင်းပတ်ထက် နောက်မကျစေဘဲ စတင်ကြဖို့ အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မူအားဖြင့် သဘောတူညီခဲ့ကြပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အစိုးရကိုယ်စား လှယ်အဖွဲ့နဲ့  တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် အန်စီအေ  လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင်တွေဟာ  ဒီနေ့ မနက်ပိုင်းမှာ Horizon Lake View Resort ဟိုတယ်မှာ ၂ နာရီနဲ့ မိနစ် ၅၀ ကြာ ဆွေးနွေးခဲ့ကြတာပါ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက “အဓိကတော့ မကြာခင်မှာပြုလုပ်မယ့် ငြိမ်းချမ်းရေးညီလာခံနဲ့ ပတ်သက်တဲ့အဓိကအချက်တွေကို ဆွေးနွေးပါတယ်။ ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကရော သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျဘဲ ငြိမ်းချမ်းရေးညီလာခံ စတင်သင့်တယ်လို့ နှစ်ဘက်က မူအားဖြင့် ဆွေးနွေးချက်တွေရှိပါတယ်။ နောက်တခုကတော့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါလာရေး ကိုလည်း ကျနော်တို့ အဓိကထား ဆွေးနွေးကြတယ်။ နောက်ပြီးတော့ မူဘောင်၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ ပါဝင်မယ့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်” လို့ ပြောပါတယ်။ အန်စီအေစာချုပ်ရေးဆွဲအတည်ပြုရာမှာ ပါဝင်သော်လည်း လက်မှတ်ရေးထိုးရာမှာ မပါဝင်ကြတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံကြမယ်လို့ သူက ဖြည့်စွက်ပြော ပါတယ်။ ဒီနေ့မှာ ကျနော်တို့ မီဒီယာများကို ထပ်ပြီးတော့ တင်ပြလိုတာကတော့ ယူအန်အက်ဖ်စီဘက်က ခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ဖိတ်ကြားထားတာရှိပါတယ်။ အဲဒီတော့ မကြာမီ ၃ ရက်အတွင်းမှာ ယူအန်အက်ဖ်စီဘက်က ကြိုတင်လာရောက်မယ့်၊ ညှိနှိုင်းမယ့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ လာဖို့ရှိပါတယ်။ အဲဒါပြီးရင်တော့ ဇူလိုင်လ ပထမပတ်လောက်မှာတော့ ယူအန်အက်ဖ်စီဥက္ကဌအပါအ၀င် အဖွဲ့ဝင်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်တွေ့ဆုံဖို့ လည်း ဖိတ်ကြားထားပါတယ်။ ဒါကိုလည် ထပ်ပြီးတော့ အတည်လည်းပြုတယ်။ ဒီနေ့ဆွေးနွေးပွဲ မှာလည်း ကျနော်တို့ ရှင်းပြခဲ့ပါတယ်” လို့ ပြောပါတယ်။ ကော်မတီအနေနဲ့ နာဂအဖွဲ့ကိုလည်း ဖိတ်ကြားထားပြီး လာမယ့်ရက်ပိုင်းအတွင်း ရန်ကုန်မှာ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ သူကပြောပါတယ်။ ကျန်နေသေးတဲ့ သုံးဖွဲ့ကတော့ တအာင်းပလောင် တပ်ဖွဲ့၊ ရခိုင်တပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ ဖြစ်ပါတယ်။ ဒီကနေ့ဆွေးနွေးပွဲအစမှာ ဒေါ်အောင်ဆန်းစုကြည်က “အခက်အခဲတွေကတော့ ရှိမှာပေါ့။ တန်ဖိုးရှိတဲ့အရာဆိုတာ လွယ်လွယ်နဲ့တော့ ဘယ်တော့မှမရပါဘူး။ ကျမတို့ တန်ဖိုးထားတတ်ဖို့ပဲ အရေးကြီးပါတယ်။ တန်ဖိုးထားလို့ ဒီကိစ္စကို ရရှိဖို့ဟာ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ကျမတို့ဟာ ကြိုးစားမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားလို့ ရှိရင်တော့ ရမှာပါ။” “အင်မတန်မှ တန်ဖိုးရှိလှတဲ့၊ စစ်မှန်တဲ့၊ တိုင်းရင်းသားများအားလုံး လုံခြုံမှုနဲ့ လွတ်လပ်မှု အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတခု ထူထောင်ဖို့အတွက် ၀ိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျမတို့ မေတ္တာရပ်ခံပါတယ်။ ဒီကိစ္စကို တဖက်တည်းလုပ်လို့မရဘူး၊ တကြိမ်တည်းနဲ့လည်း ပြီးမှာမဟုတ်ဘူး။ ဒါပေမယ့်လို့ အမြန်ဆုံးတော့ ပြီးစေချင်တယ်။” “လွတ်လပ်ရေးရတာ နှစ် ၇၀ နီးပါးရှိပြီ၊ ရာစုနှစ်ရဲ့ လေးပုံသုံးပုံဖြစ်သွားပြီ။ အဲဒီတော့ ဒီအတောအတွင်း ဒီအချိန်အတွင်းမှာမှ ကျမတို့ဟာ ပြည်ထောင်စုတခုကို ခိုင်ခိုင်မာမာ မထူထောင်နိုင်လို့ရှိရင် ဘယ်လောက်ကြာဦးမှာလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။  “ငြိမ်းချမ်းမှ တိုးတက်မယ်၊ ညီညွတ်မှ ငြိမ်းချမ်းမယ်။ အဲဒီတော့ ညီညွတ်ရေးကို ရှာဖွေရမယ်၊ ငြိမ်းချမ်းရေးကို ဆောက်တည်ရမယ်” လို့ ပြောပါတယ်။ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team (EAO PPST) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့ဟာ လာမယ့် ၂၁ ရာစုပင်လုံညီလာခံအတွက် မူဝါဒလမ်းညွှန်ချက်ပေးဖို့  စုဖွဲ့ထား တာဖြစ်ပြီး အဖွဲ့ ၈ ဖွဲ့ရဲ့ ခေါင်းဆောင် တဦးစီအားလုံး ၈ ဦးပါဝင်ဖွဲ့စည်းထားပြီး ဒီကနေ့ တွေ့ဆုံမှု ဟာ PPST အနေနဲ့တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024