လူမည်းမိန်းကလေးကို ကျင်စက်သေနတ်နှင့်ပစ်ပြီး ထိုးနှက်ကန်ကျောက်သည့် ရဲအရာရှိနှစ်ဦးရုပ်သံ ထွက်ပေါ်

အမေရိကန်နိုင်ငံ၊ ၀စ်စ်ကွန်ဆင်ပြည်နယ်ထဲမှာ အသက် ၁၈ နှစ်အရွယ် လူမည်းမိန်းကလေးတဦးကို ရဲအရာရှိ ၂ ဦးက ကျင်စက်သေနတ်နဲ့ပစ်ပြီး ထိုးနှက်ကန်ကျောက်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က မက်ဒီဆင်မြို့ ကုန်တိုက်တခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး အမည်မသိရတဲ့ ရဲအရာရှိ ၂ ဦးက ဂျနေးလေလာ့ဒ် အမည်ရတဲ့ အဆိုပါမိန်းကလေးကို မြေပြင်ပေါ်မှာ ခုလိုလုပ်ခဲ့ကြတာပါ။ သူတို့ဟာ လာ့ဒ်ရဲ့ လက်နှစ်ဘက်ကို နောက်ဘက်မှာချုပ်ပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့ကာ မြေပြင်ပေါ်မှာ ထိုးနှက်ကန်ကျောက်ပြီး အကြိမ်ကြိမ် ကျင်စက်သေနတ်နဲ့ ပစ်ခဲ့ကြတယ်လို့  ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ လာ့ဒ်ကို ကုန်တိုက်တွင်းက အလုပ်သမားတွေကို ခြိမ်းခြောက်မှုကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ လာ့ဒ်ဟာ ကျင်စက်နဲ့ ပစ်ခံရချိန်မှာ အော်ဟစ်ခဲ့ပြီး ရဲအရာရှိ ၂ ဦးက မြေပြင်ကို ဒူးထောက်စေကာ ထိုးနှက်ကန်ကျောက်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ဓားပါပြီး အလုပ်သမားတွေကို ခြိမ်းခြောက်ခဲ့လို့ ခုလို ဖမ်းဆီးခဲ့ရတာလို့ ရဲတွေကပြောပေမယ့် လာ့ဒ်ရဲ့ အသိုင်းအ၀ိုင်းကတော့ ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။ လာ့ဒ်ဟာ ဈေးဝယ်စင်တာထဲကို ၀င်သွားခဲ့ပြီး အစားအသောက်တန်းမှာ ဓားကိုင်ခြိမ်းခြောက်မှုကြောင့် ဖမ်းခဲ့တယ်ဆိုပေမယ့် ဒီရုပ်သံဗွီဒီယိုဖိုင်ကတော့ ဖြစ်စဉ်အလုံးစုံကို မသိနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ လာ့ဒ်ကို ဒိန်းစီရင်စုနယ်မြေ အချုပ်ခန်းမှာ ၃ ရက်တာ ချုပ်ထားခဲ့တာပါ။ မက်ဒီဆန်မြို့ ရဲအရာရှိချုပ်  မိုက်ခ်ကိုဗယ်လ်က “သူ့မှာ ဓားပါလာတာက ဘာကို ဖော်ပြနေလဲဆိုတော့ တယောက်ယောက်ကို ထိုးမယ်ဆိုတာကို ဖော်ပြနေတာပါပဲ” လို့ ပြောပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက လာ့ဒ်ဟာ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ရဲတွေကို ရုန်းပြီး ထိုးနှက်ကန်ကျောက်ခဲ့တယ်လို့ ပြောပါတယ်။ တကယ်လို့သာ သူ အခုလိုမတုံ့ပြန်ခဲ့ရင် ရဲအရာရှိတွေအနေနဲ့ ဆိုးဆိုးဝါးဝါး အင်အားသုံးခဲ့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လာ့ဒ်ရဲ့ အဒေါ်ဖြစ်သူကတော့ “သူဟာ အရင်ကလည်း ပြစ်မှုကျူးလွန်ခဲ့တာ တခုမှ မရှိခဲ့ဘူး။ ဘာကြောင့် မမျှတရတာလဲ။ သူဟာ ခုလိုဖြစ်ဖို့ မထိုက်တန်ဘူး” လို့ ပြောလိုက်ပါတယ်။ ဒိန်းစီရင်စုနယ်မြေ တရားရေးရှေ့နေ အစ်စမေးလ်အော့ဇ်ဇိန်းက ပြစ်မှုမြောက် ပြန်လည်နေရာချထားရေး အစီအစဉ်တခုဆီ လွှဲပြောင်းပေးပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားမှာဖြစ်ပြီး သူ့ကို ရာဇ၀တ်ပြစ်မှုဆိုင်ရာ ဒဏ်ကြေးပေးဆောင်စေတာမျိုးတွေ လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up